Thursday, June 10, 2010

အင်းစိန်ထောင်ကိုဝိုင်းခဲ့ကြစဉ်က (အလုပ်သမားအရေးအခင်း အမှတ်တရ)

အင်းစိန်ထောင်ကိုဝိုင်းခဲ့ကြစဉ်က
(အလုပ်သမားအရေးအခင်း အမှတ်တရ)
ဟစ်တိုင် အမှတ်တရကဏ္ဍ 
လန်ထောင်စပ်စုလေး

+ ၂၀၁၀ ကနေပြန်ကြည့်လိုက်တော့
၁၉၇၄-၇၅ အလုပ်သမားအရေးအခင်းတွေ….၊
မြေပေါ်တစစီ ကြွေကျ နီနီရဲရဲ စိန်ပန်းပွင့်များ….၊
အလိုလိုပြန်ဆက် အပင်ပေါ် ပြန်ရောက်ပြီး
အနီရောင်လိမ်း လေယူရာတိမ်း
ယိမ်းက, နေတုံးပါဘဲလား……..။


+ ၇၄-ဇွန်လဆန်းရဲ့ နေ့တနေ့…..၊
တို့တကျောင်းလုံး
ထူးခြားတဲ့ ဥသြရှည်ဆွဲသံတွေကြားကြရ၊
တိုးသွားလိုက်…. ကျယ်လာလိုက်……
တိုးသွားလိုက်…. ကျယ်လာလိုက်……
အဆက်မပြတ်ပါဘဲ……၊
တို့တတွေ
တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြ
“အလုပ်သမားတွေ အချက်ပေးနေပြီ…..
တို့ကျောင်းသားတွေ ညီစေနော်……။”

+ ကြို့ကုန်းကနေ သမိုင်းချည်စက်ဖက်ကို ချီတက်သွားကြ
လမ်းဘေးဝဲယာ ပြည်သူလူထုရဲ့ သြဘာသံ…..၊
အလုပ်သမားတွေနဲ့ ပူးပေါင်း၊
“ဆန်လေးနည်းနည်းတိုးပေးပါ…..၊
လစာ နည်းနည်းတိုးပေးပါ…..၊
ကုန်ဈေးနှုန်းတွေကျအောင် လုပ်ပေးပါ…..၊”
အလုပ်သမားတွေတောင်းဆိုတာ…
တို့ကျောင်းသားတွေ ၀ိုင်းဝန်းတောင်းဆိုပေး။
လယ်သမား အလုပ်သမား
ကျောင်းသား သံဃာ ပြည်သူပြည်သား…..၊
မိန့်ခွန်းခြွေ တောင်းဆိုသံများ……၊
စုပေါင်းညီညာ ကြွေးကြော်သံများ…..၊
ဝိုင်းဝန်းအားပေး လက်ခုပ်သံများ….၊
………………………………………၊
………………………………………၊
………………………………………၊
သေနတ်ပြောင်းတွေ……၊
သေနတ်ပြောင်းတွေ……၊
သေနတ်ပြောင်းတွေ……၊
သေနတ်ပြောင်းတွေလာနေပြီ……၊
သေနတ်ပြောင်းတွေဝိုင်းထားပြီ……၊
“တွေ့သားဘဲ…….၊
မလိုပါဘူး………..၊
ဘာကြောင့်ပြေးရမှာလဲ……..???” ။

+ ကမ္ဘာမကြေဘူး……..၊
ကမ္ဘာနဲ့ချီ ဆပ်လဲ မကြေနိုင်ဘူး……၊
အာဏာရူးတွေ ဆပ်ရမဲ့ သွေးကြွေးတွေ……၊
“လမ်းဘေးက ကလေးသူငယ်ကအစ အဖိုးအဖွား
ဈေးသည် ဈေးဝယ် သံဃာတော်တွေပါ မကျန်”
ကျည်ဆန်စမ်းခဲ့ကြတဲ့ ရိုင်းတဲ့သမိုင်း……၊
လှံစွပ်စမ်းခဲ့ကြတဲ့ ရိုင်းတဲ့သမိုင်း…….၊
သမိုင်းလမ်းမပေါ်က သမိုင်းရိုင်း။
ဆင်မလိုက်၊ အုတ်ကျဉ်း၊ သမိုင်း၊
အင်းစိန်၊ သံလျင်၊
မန္တလေး၊ မြစ်ငယ်၊ ပုလိပ်၊
မိတ္ထီလာ၊ ရေနံချောင်း၊ စစ်ကိုင်း၊
မြန်မာပြည်တ၀န်း….သွေးနီရောင်လွှမ်း……၊
စိန်ပန်းပွင့်တွေလို….မြေပေါ်ကြွေ…………..။

+ ထိုစဉ်က ၀န်ကြီးချုပ်ဆိုသူက
အရှက်မဲ့စွာ ဂုဏ်ယူဝံ့ကြွား
ရေဒီယိုနဲ့ သတင်းစာကနေ ကြေညာ၊
ဘယ်ရွေ့ ဘယ်မျှ သေဆုံးကျရပါ သတဲ့။
ဒင်းတို့ဘယ်ရောက်ရောက် ဒင်းတို့ ဘယ်ပျောက်ပျောက်
အဲ့ဒီလူသတ်သတင်း….၊ အဲ့ဒီသွေးမြင်ကွင်း……၊
ပြည်သူ့ရင်တွင်း
ထင်းထင်းကြီး ကြားနေကြဆဲ……၊
ထင်းထင်းကြီး မြင်နေကြဆဲ……၊
သားစဉ်မြေးဆက် လက်ဆင့်ကမ်းနေကြဆဲ…….၊
“မင်းအဖေ သေရတာ…ဒီစစ်ခွေးတွေကြောင့်……၊
မင်းအမေ သေရတာ…ဒီစစ်ခွေးတွေကြောင့်……၊
မင်းအစ်ကို မင်းအစ်မတွေ သေရတာ…ဒီစစ်ခွေးတွေကြောင့်……၊
ဘယ်သူဘယ်ဝါဖြင့် သေရတာ…ဒီစစ်ခွေးတွေကြောင့်……၊”
ဒင်းတို့အတွက် ငရဲနှင့်ဝဋ်
ကမ္ဘာမကြေ အရိုးတွန်သံများ……..။

+ ၇၄-ဇွန်လ အလုပ်သမားအရေးအခင်းတနှစ်မြောက်တဲ့နေ့….၊
၁၉၇၅-ဇွန်လဆန်းရဲ့နေ့တနေ့……..၊
မိုးဖွဲလေးတွေရွာနေတယ်…….၊
မိုးဖွဲတွေကြားမှာ ကျောင်းသားတစု
အလုပ်သမားတွေနဲ့အတူ
ကားလမ်းတလျှောက်ချီတက်လာကြတယ်……။
တို့ကျောင်းရှေ့ရောက်တော့
“တို့ရောက်ပြီဟေ့” လို့
သူတို့လှမ်းအော်လိုက်ကြတယ်……။
အဆောင်ဆောင် အခန်းခန်းတွေကနေ
တို့တတွေပြေးဆင်းသွားကြပြီး
သူတို့နဲ့ပူးပေါင်းလိုက်ကြတယ်…….။

+ ခွပ်ဒေါင်းအလံကြီး……
ပိုးသားနဲ့လုပ်ထားတဲ့
သမိုင်းဝင် ရွှေဝါရောင်ခွပ်ဒေါင်းအလံကြီး……။
တို့အားလုံးကို မှင်တက်မိ အံ့သြသွားစေတယ်….။
ကိုင်ဆောင်လာသူက….ကိုမြင့်အေး၊
အခု ၂၀၁၀ မှာ လွိုင်ကော်ထောင်မှာ
တကျွန်းနဲ့ ၈-နှစ် ကျခံနေရတဲ့
လူ့အခွင့်အရေးကာကွယ်စေါင့်ရှောက်သူ…ဦးမြင့်အေး။
အဲ့ဒီတုံးက
ရန်ကုန် ၀ိဇ္ဖာနဲ့သိပ္ပံတက္ကသိုလ်
တတိယနှစ်ကျောင်းသား ကိုမြင့်အေး။

+ ငယ်သူငယ်ချင်း ကိုမြင့်အေးကို ခွင့်မတောင်းဘဲ
တို့တတွေ…….ရွှေဝါရောင်ပိုးသားခွပ်ဒေါင်းအလံကြီးကို
ပထမ အလေးပြု…..ဒုတိယ အားရကျေနပ်စွာ ကိုင်ကြည့်နေကြတုံး…၊
အလံထဲကနေ ဗကသ ကျောင်းသား ကိုအောင်ဆန်းရဲ့
အမိန့်ပေးသံအလား ပြတ်ပြတ်သားသား
“တို့တတွေအားလုံး အင်းစိန်ထောင်ကိုချီတက်ကြမယ်…..၊”
“အဖမ်းခံထားရတဲ့ တို့အလုပ်သမားတွေ
တို့ကျောင်းသားတွေကို သွားအားပေးကြမယ်….”တဲ့၊
ခေါင်းဆောင်ကိုမြင့်အေးရဲ့ ဆော်သြသံ…..။

+ “မိုးတွေကလဲ တဖွဲဖွဲ ရွာသွန်းတယ်….”
သီချင်းသံပြိုင်ဆိုတဲ့အခါဆို…..၊
မိုးရေထဲမှာ ပျော်ပျော်ပါးပါးပါဘဲ…..၊
လွတ်လပ်စွာ စီတန်းလှည့်လည်ပိုင်ခွင့်အရ
တို့တတွေ အင်းစိန်ဖက်ကို စည်းကမ်းတကျ ချီတက်ခဲ့ကြတယ်….။
ကျောင်းသားကျောင်းသူ ဆရာ ဆရာမ
အလုပ်သမား လယ်သမား သံဃာ
စုစုပေါင်း အင်အား ၅၀၀-ကျော်….၊
ရှေ့ဆုံးက ရွှေဝါရောင်ခွပ်ဒေါင်းအလံကြီး။

+ အင်းစိန်ထောင်ကိုရောက်တော့….
သေနတ်ပြောင်းတွေ….. သေနတ်ပြောင်းတွေ…..
ထောင်အပေါ်ထပ်တွေက…..
ထောင်နံရံအုတ်ရိုးတွေအပေါ်က…..
လက်နက်မဲ့ တို့တတွေကို ချိန်ထားကြတဲ့ သေနတ်ပြောင်းတွေ…..။
၁၉၇၄ မနှစ်က တို့တတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြဘူးတဲ့
သေနတ်ပြောင်းတွေ….. သေနတ်ပြောင်းတွေ…..။
သေနတ်ပြောင်းတွေ….. သေနတ်ပြောင်းတွေ…..။
………………………………………၊
“ထောင်ဗူးဝ main တံခါးမကြီးဆီ အရင်ချီတက်ကြမယ်…..၊
ကြွေးကြော်သံတွေ စပြီးကြွေးကြော်ကြမယ်……၊”
ခေါင်းဆောင်လုပ်သူရဲ့ စကားအဆုံး….၊
---------------------------------------၊
“အဖမ်းခံ အလုပ်သမားများ ပြန်လွတ်ရေး….
တို့အရေး……၊ တို့အရေး……၊”
“အဖမ်းခံ အလုပ်သမားများ…. ချက်ချဉ်းလွှတ် ချက်ချဉ်းလွှတ်….”
“အဖမ်းခံ ကျောင်းသားများ ပြန်လွတ်ရေး….
တို့အရေး……၊ တို့အရေး……၊”
“အဖမ်းခံ ကျောင်းသားများ…. ချက်ချဉ်းလွှတ် ချက်ချဉ်းလွှတ်….”
“ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး… တို့အရေး….။”
“အလုပ်သမားအခွင့်အရေး ချက်ချဉ်းပေး….ချက်ချဉ်းပေး….။”
“ကျောင်းသားအခွင့်အရေး ချက်ချဉ်းပေး….ချက်ချဉ်းပေး….။”
-------------------------------------
-------------------------------------၊
ထောင်အတွင်းထဲက တုံ့ပြန်ကြွေးကြော်သံများ……၊
ထောင်တွင်းထောင်ပြင် ကြွေးကြော်သံများ……၊
…………………………………………၊
သေနတ်ပြောင်းတွေ တွေဝေသွားကြပြီ…..။

+ ထောင်ဗူးဝ main တံခါးမကြီး
ထုထယ် ဘယ်လောက်ကြီးကြီး
အလုပ်သမားထု၊ ကျောင်းသားထု၊ သံဃာထု၊
ပြည်သူလူထုရဲ့
ဝိုင်းဝန်း ထု နှဲ့ တွန်း ထိုး မှုတွေကြောင့်
ကန့်လန့်ထိုး သစ်သားချောင်းကြီးတွေ ကျွတ်ထွက်လုနီးနီး
ယိမ်း ထိုး လှုပ်ရှား ယိုင်နဲ့သွားကြပြီ……။
“တော်လောက်ပြီ……. ကြွေးကြော်သံတွေ ထပ်ကြွေးကြော်ပြီး
အင်းစိန်ထောင်ကို တပတ်ပတ် အောင်ပွဲခံကြမယ်….၊
ဒီပွဲမှာ တို့ပြည်သူတွေ နိုင်သွားပြီ……”။
“ဟေး………….၊ အရေးတော်ပုံအောင်ပြီကွ…….၊”
လက်ခုပ်တီး ကြွေးကြော် အောင်ပွဲခံသံများ………။

+ ပိုများလာသော သေနတ်ပြောင်းများ……၊
ပိုပို များလာသော သေနတ်ပြောင်းများ……၊
ပိုပို ပိုပို များလာသော သေနတ်ပြောင်းများ……၊
“လုပ်ရဲတာ သတ္တိလား ?..... ခံရဲတာ သတ္တိလား ?....
သတ်ရဲတာ သတ္တိလား ?..... သေရဲတာ သတ္တိလား ?....၊
သတ်မယ်ဆို အမှန်တရားအတွက် အသေခံဝံ့ အသေခံကြမဲ့….
အလုပ်သမား ကျောင်းသား သံဃာ ပြည်သူပြည်သားများ….။”
-------------------------------
-------------------------------၊
၁၉၇၅…အင်းစိန်ထောင်တိုးချဲ့ဘို့ ထောင်အုတ်ရိုးနံရံအဟောင်း အပြင်ဖက်တ၀ိုက်
ထောင်အုတ်ရိုးအသစ်ကြီး အောက်ခြေ အုတ်မြစ်ချဘို့ မြေတွင်းနက်နက်များ….၊
ပြူတစ်ပြူတစ် သေနတ်ပြောင်းတွေနဲ့
မြေတွင်းတိမ်တိမ် မြေတွင်းနက်နက်တွေကို တလှည့်စီကြည့်ပြီး
“ကြွေးကြော်သံတွေ အသံတိမ်
အယောင်ယောင်အမှားမှား ရှိတဲ့အခါ ရှိခဲ့ကြတယ်….၊
မျက်နှာလေးတွေ သွေးမဲ့ ….ဒူးတုန်ရင်တုန်
ခြေလှမ်းမှားတဲ့အခါ မှားခဲ့ကြတယ်……….၊
သေနတ်သံတချက်ကြားရင် မြေတွင်းထဲ ပြေးဝင်လှဲဖို့
ကြံတဲ့အခါ ကြံမိရတယ်………၊
ဒါပေမဲ့………၊ ဒါပေမဲ့…….၊
ကြောက်ကြောက်ရွံ့ရွံ့နဲ့ဘဲ…
တို့တတွေ…..
လုပ်သင့်လုပ်ထိုက်တာ ရဲရဲဝံ့ဝံ့ လုပ်ခဲ့ကြတာကိုတော့…၊
ဇွန်လရောက်တိုင်း ရဲရဲနီ စိန်ပန်းပွင့်တွေက
လေယူရာတိမ်း ယိမ်းက, ပြီး
ခေတ်အဆက်ဆက်ပြောပြကြလိမ့်မယ်……။ ။

လန်ထောင်စပ်စုလေး(၂-၆-၂၀၁၀)

No comments:

Post a Comment