Tuesday, July 13, 2010

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းပါစေ(ကဗျာသီချင်း)

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းပါစေ
(ကဗျာသီချင်း)

လန်ထောင်စပ်စုလေး

+ လူတိုင်းကိုယ်စီ ကြောက်ရွံ့ခြင်းမှ
အမြန်လွတ်ကင်းကြပါစေ….။
+ အဂတိ ၄-ဖြာ မလိုက်စားကြဘဲ
မဖေါက်မပြား ကျင့်ကြံနေ…။
+ လိုချင် `ဆန္ဒ´၊ ရန် `ဒေါသ´ နဲ့
`မောဟ´ ပိတ်ဖုံး မသိတာတွေ…။
+ အဆိုးဆုံး `ဘယာ´ ကြောက်ရွံ့မှုကြောင့်
နောက်တွန့် နစ်မွန်းနေ…၊
အဲ့ဒါကြောင့် ရဲရင့်စိတ်များ ထားဘို့လိုပါသလေ….။




+ လူတိုင်းကိုယ်စီ ကြောက်ရွံ့ခြင်းမှ
အမြန်လွတ်ကင်းကြပါစေ….။
+ လက်ခံနိုင်စရာ လူမှုအဆင့်အတန်း
စုပေါင်းကြိုးပမ်း မြှင့်တင်လေ…..။
+ အသက်ရှင်သန်စေ၊ ကျေးကျွန်မဖြစ်ဘဲ…..၊
နှိပ်စက်ခြင်းလဲ ကင်းအောင်လေ…..။
+ ပစ္စုပ္ပန်အရေး အနာဂတ်အရေး
ပေးဆပ်ရယူလေ…..၊
အဲ့ဒါမှ လူသားပီသ ချမ်းသာကြမယ်လေ……။



+ လူတိုင်းကိုယ်စီ ကြောက်ရွံ့ခြင်းမှ
အမြန်လွတ်ကင်းကြပါစေ….။
+ မိမိကိုယ်တိုင် စွန့်စားသတ္တိ
တကယ်ရှိဘို့ လိုအပ်ပေ…..။
+ လက်ခုပ်ထဲက `ရေ´ အဖြစ်မခံကြဘဲ
စူးရှ ချွန်မြ `ဖန်စ´ တွေ…..။
+ ဖြစ်အောင်အမြဲနေ ကာကွယ်ကြမှ
ဘ၀ လုံခြုံမလေ….၊
အဲ့ဒါကြောင့် ရဲရင့်စိတ်များ ထားဘို့လိုပါသလေ….။


+ လူတိုင်းကိုယ်စီ ကြောက်ရွံ့ခြင်းမှ
အမြန်လွတ်ကင်းကြပါစေ….။
+ တရားတဲ့ဥပဒေ အသေအချာ စေါင့်ထိန်း
ဂုဏ်နဲ့သိက္ခာ မကျအောင်နေ….။
+ မတရားတဲ့ဥပဒေ အမိန့်အာဏာဟူသမျှ
ဖီဆန်ကြမှ တာဝန်ကျေ….။
+ ကိုယ်တိုင်အရေး ပြည်သူ့အရေး
လက်တွေ့ရယူလေ……၊
အဲ့ဒါမှ လူသားပီသ လွတ်လပ်ကြမယ်လေ…..။

+ လူတိုင်းကိုယ်စီ ကြောက်ရွံ့ခြင်းမှ
အမြန်လွတ်ကင်းကြပါစေ….။
+ စိတ်ဓာတ်အခြေခံ တော်လှန်နိုင်မှ
အစစ်အမှန် အောင်နိုင်ပေ…..။
+ လုံ့လဇွဲသန် အနစ်နာခံလို့
သစ္စာအဓိဋ္ဌာန်မြဲရင်လေ….။
+ `အဘယ ပါရမီ´ အမြတ်ဆုံးကို
ကျင့်သုံးဖြည့်နိုင်ပေ…..၊
အဲ့ဒါကြောင့် ရဲရင့်စိတ်များ ထားဘို့လိုပါသလေ….။

+ လူတိုင်းကိုယ်စီ ကြောက်ရွံ့ခြင်းမှ
အမြန်လွတ်ကင်းကြပါစေ….။
+ သတ္တိပြစရာ ကြီးငယ်ကိစ္စ
ယဉ်ယဉ်ကျေးကျေး ပြကြလေ…..။
+ မကြောက်ရ လူ့ဘောင် တည်ထောင်နိုင်ဘို့
သစ္စာ ကရုဏာ လိုအပ်ပေ…..။
+ တရားတဲ့သူသာ အနိုင်ရစမြဲမို့
တရားသဖြင့်ဘဲနေ….၊
အဲ့ဒါမှ လူသားပီသ ယဉ်ကျေးကြမယ်လေ……။
+ အဲ့ဒါဖြင့် ရဲစွမ်းသတ္တိ အမြဲရှိစို့
မောင်တို့ မယ်တို့ ငါတို့ မြန်မာပြေ…..။ ။

# ဤကဗျာသီချင်းကို ဒေါ်အောင်ဆန်းစုကြည်၏ “Freedom From Fear”ဆောင်းပါးနှင့် ဆရာဒေါက်တာအောင်ခင်
၏ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး”ဘာသာပြန်ဆောင်းပါးတို့ကို ကိုးကား၍ ရေးသားစပ်ဆိုပါသည်။
ဒါန သီလ စသော ပါရမီ ဆယ်ပါးတွင် `အဘယ ပါရမီ´ ဟု မပါရှိသော်လည်း ပါရမီဆယ်ပါးအပြားသုံးဆယ်
တွင်မူ (ဥပပါရမီ နှင့် ပရမတ္တပါရမီ = ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့် အသက်ခန္ဓာမငဲ့ကွက်မှု)ဟု ပါရှိပါသည်။ အန်တီစု၏ “The greatest gift for individual or nation…..was abhaya, fearlessness,…” ကို ဆရာ
ဒေါက်တာအောင်ခင်မှ “အကြီးအကျယ်အမြင့်မြတ်ဆုံးသော ပါရမီသည် အဘယ ခေါ် ကြောက်ရွံ့မှု မရှိခြင်းဖြစ်၏” ဟု တိကျသေချာစွာ ဘာသာပြန်ထားပါသည်။ ထို့ကြောင့် ၎င်းအချက်များကို အခြေခံ၍ ဤကဗျာသီချင်းတွင် စကားလုံးတိကျ မှန်ကန်စေရေး `အဘယ ပါရမီ´ဟု တွဲစပ်အသုံးပြုထားပါသည်။
ဤသီချင်းအလိုက်မှာ “လူမိုက်ဆိုရင် ရှောင်သွေလွဲလို့မမှီဝဲနဲ့ကင်းအောင်နေ …၃၈-ဖြာ မင်္ဂလာ”ကဗျာသီချင်းနှင့်
“လူ့အခွင့်အရေး အချက် ၃၀” www.youtube.com/ 30 human rights song ကဗျာသီချင်း အလိုက်များ အတိုင်းဖြစ်ပါသည်။ မည်သူမဆို မိမိနှစ်သက်သလို သီဆိုအသံသွင်းဖြန့်ဝေနိုင်ပါသည်။ ။

လန်ထောင်စပ်စုလေး(၂၁-၅-၂၀၁၀)

No comments:

Post a Comment