Saturday, January 1, 2011

“ သာယာဝတီထောင် လက်ပါးနဲ့ အရူးတိုက်” လန်ထောင်စပ်စုလေး

 “ သာယာဝတီထောင် လက်ပါးနဲ့ အရူးတိုက်”

ရေးသားသူ လန်ထောင်စပ်စုလေး

စပ်စု ၈၉-စက်တင်ဘာမှာ ပုဒ်မ-၅ညနဲ့ ၅-ဆောင်၊ ၂-ခန်းကိုရောက်တော့ နိုင်ငံရေးအကျဉ်းသားတွေ တထောကြီးရှိနေတာ တွေ့ရတယ်။ ၈၈-နောက်ပိုင်း ပထမဦးဆုံး နိုင်ငံရေးအကျဉ်းသားတွေပေါ့။ လူတန်းစားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် အစုံပါဘဲ။ အသက် ၁၆နှစ် ကနေ ၂၅နှစ်ကြား ကျောင်းသားလူငယ်တွေကတော့ အများဆုံးဘဲပေါ့။ ထောင်ကျနေကြတာကို အသာထားပြီး အားလုံးလိုလို စားသောက် နောက်ပြောင်ဆော့ကစားလို့ ဆွေးနွေးတိုင်ပင် အမြင်ချင်း ဖလှယ်နဲ့ ပျော်ပွဲစားထွက်လာကြသလိုပါဘဲ။ ယောက်ျားတွေချည်းဘဲ ရှိတဲ့နေရာဆိုတော့ ဖုံးဖုံးလွှမ်းလွှမ်း အမြဲမနေ၊ အရှက်အကြောက်နည်းသူတွေလဲ အနည်းအကျဉ်းပါတာပေါ့။

၈၉-အောက်တိုဘာမှာ အန်ကယ်ဦးဝင်းတင် ( NLD ဗဟိုကော်မတီဝင်) ၅ဆောင် ၂ခန်းကိုရောက်လာပါတယ်။ အဆောင်တွင်း စိုက်ခင်းတနေရာမှာ အန်ကယ်နဲ့ စကားပြောခွင့်ရတော့ စပ်စုအဖေ လန်ထောင်ဦးစပ်စု ကိုသိကြောင်း၊ ဦးစပ်စုရေးတဲ့ နိုင်ငံရေးစာအုပ်တွေ ဖတ်ဘူးကြောင်း အန်ကယ်က ပြောပြပါတယ်။ ပြီးတော့ “ မင်းတို့ကျောင်းဆရာတွေ အနေနဲ့ ကျောင်းသားလူငယ်တွေကို တတ်နိုင်သမျှ စေါင့်ရှောက် ထိန်းသိမ်းဘို့လိုတယ် ” လို့ အန်ကယ်ဦးဝင်းတင်က အဆောင်တွင်း လူငယ်တွေကို
စိတ်မချလို့ သြ၀ါဒပေးပါတယ်။ နောက်မကြာခင် အန်ကယ် သီးသန့်ဖက် ပြောင်းသွားရပါတယ်။



အချိန်ကြာလာတာနဲ့အမျှ နိုင်ငံရေးအကျဉ်းသားလူငယ်တွေ စည်းကမ်းလျော့ရဲ လာတယ်။ သူ့အုပ်စုကိုယ့်အုပ်စုနဲ့ အုပ်စုလဲဖွဲ့လာကြတယ်။ ကိုယ့်အချင်းချင်း စည်းကမ်းထိန်းဘို့ အခန်းလူကြီးခန့်ထားရေးမှာတောင် သဘောထားကွဲကြတယ်။ ထောင်မှူးတွေကလဲ တင်းရကောင်းနိုးနိုး လျော့ရကောင်းနိုးနိုး ဝေခွဲမရ ဖြစ်နေကြရတယ်။ ဒီလိုနဲ့ ထူးထူးဟန်နဲ့ ထောင်မှူးစိုးဦး ပြဿနာတက်တော့တာဘဲ။

ထောင်ထဲမှာ““ ဂျွတ် ”” ပေါက်တာ မဆန်းပါဘူး။ ကပ္ပါယ်အိတ်မှာ ပေါက်တဲ့ ယားနာတမျိုးပါ။ ပေါက်လိုက် ကိုယ်ကပြန်ခွါလိုက်၊ ခွါလိုက် ပြန်ပေါက်လိုက်နဲ့ တော်တော်နဲ့ မပျောက်တဲ့ ယားနာတမျိုးပါ။ တနေ့ ရေချိုးချနေတုံး ထူးထူးဟန် က အတွင်းခံဘောင်းဘီ ဟပြီး ပယ်ပယ်နယ်နယ် ဂျွတ်ခွါနေပါတယ်။ သူနဲ့မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းမှာက ထောင်မှူးစိုးဦး ထိုင်နေပါတယ်။ မကြာပါဘူး သူ့ကိုလှန်ပြတယ်ဆိုပြီး ထူးထူးဟန်ကို ထောင်မှူးစိုးဦးက ခေါ်ပြီး ပါးရိုက်လိုက်ပါတယ်။ ထူးထူးဟန်ကလည်း ချက်ချဉ်း အခန်းထဲပြန်ဝင်ပြီး သူ့ကို ထောင်မှူး က ပါးရိုက်လိုက်တယ်ဆိုတဲ့အကြောင်း သူ့အဖွဲ့ဝင်တွေကို ပြန်လာပြောပါတယ်။ တခန်းလုံးကြားအောင် အော်ပြောတာမို့ မကျေနပ်တဲ့ လူငယ်တွေ အော်ဟစ်စုရုံးပြီး အခန်းအပေါက်ဝကို စုပြုံထွက်လာကြတယ်။ ထောင်မှူးကို ရိုက်မယ် ပုတ်မယ် ဆုံးမမယ် ပေါ့။


ဒါကိုတွေ့လိုက်ကြတဲ့ စပ်စုတို့လူကြီးတွေ ၃-၄ ယောက်လဲ မြန်မြန်ဆန်ဆန်ဘဲ အခန်းအပေါက်ဝ ကို ပြေးပြီး အပြင်ကနေ အထဲကလူငယ်တွေမထွက်နိုင်အောင် စုပြုံပိတ်ထားလိုက်ကြတယ်။ ဒေါသရှေ့ထားမလုပ်ဘို့၊ ပြေပြေလည်လည် ဖြေရှင်းကြဘို့ ကျောင်းသားလူငယ်တွေကို ၀ိုင်းတောင်းပန်ကြတယ်။ ဒါပေမဲ့ မရဘူး။ ဒါနဲ့စပ်စု၊ အနီးမှာရှိတဲ့ အမြင့်တခုပေါ်တက်ပြီး ကျောင်းဆရာလေသံ ကျောင်းဆရာဟန်နဲ့ “ မင်းတို့ရဲ့ဒေါသနဲ့
ငါတို့ရဲ့ ဒီမိုကရေစီကို ဖျက်ဆီး မလို့လား” ဆိုပြီး မာန်ပါပါ ပြောလိုက်မိတယ်။ စပ်စု စကားကြားတော့ မိဘဆရာ အုပ်ထိန်းမှုအောက်က ကင်းကွာတာ မကြာသေးလို့လား၊ ဒီမိုကရေစီ ဆိုတဲ့စကားကြောင့်လားမသိ၊ ကျောင်းသားလူငယ်တွေ ၃ပုံ ၂ပုံလောက်ရှဲ သွားတယ်။ ကိုယ်နေရာကိုယ် ပြန်လှည့်သွားကြတယ်။ အနည်းအကျဉ်းလောက်သာ ထောင်မှူးနဲ့ သွားတွေ့ကြတော့တယ်။

ထောင်မှူးကို ကာကွယ်မဲ့ ၀န်ထမ်းတွေနဲ့ ရာဇ၀တ်အကျဉ်းသားတွေက တဖက်၊ နိုင်ငံရေးအကျဉ်းသားတွေက တဖက် ထိပ်တိုက်ရင်ဆိုင် တွေ့ကြမလို့ သီသီကလေးလွတ်သွားတာပေါ့။ အန်ကယ်ဦးဝင်းတင်ရဲ့ ““ မင်းတို့ ကျောင်းဆရာတွေ၊ ထောင်ထဲမှာလဲ မင်းတို့ ကျောင်းဆရာတွေဘဲ၊ ကျောင်းသားလူငယ်တွေကို စေါင့်ရှောက်ထိန်းသိမ်းရမဲ့တာဝန် မင်းတို့မှာ အမြဲအပြည့်ရှိတယ်”” လို့ အဓိပ်္ပါယ်ရတဲ့ အမြော်အမြင်ကြီးလှတဲ့ သြ၀ါဒက အသက်ပေါင်းများစွာကို ကယ်တင်လိုက်တာပါဘဲ။ စပ်စုထောင်တွေထဲမှာနေခဲ့ရတဲ့ ၃-နှစ်နီးပါးလုံး အန်ကယ်ရဲ့ ဒီသြ၀ါဒကိုအမြဲခံယူခဲ့ပြီး “ ထောင်ထဲမှာ အများကို စေါင့်ရှောက်ခြင်းဟာ မိမိကိုယ်ကို၊ မိမိအသက်ကို စေါင့်ရှောက်ခြင်းဘဲ ”လို့မှတ်သားလိုက်နာခဲ့ပါတယ်။

ဒီလိုနဲ့ မကြာပါဘူး အင်းစိန်ထောင်က နိုင်ငံရေးနဲ့ ပတ်သက်သူအများစု၊ နံမည်ကြီး သာယာဝတီထောင်ကို ပြောင်းကြရတယ်။ သာယာဝတီထောင်ရဲ့ ရာသီဥတု၊ အစားအသောက်၊ ကျန်းမာရေး စေါင့်ရှောက်မှု ညံ့ဖျင်းဆိုးဝါးမှုတွေကို နိုင်ငံရေး အကျဉ်းသားတွေ အလူးအလဲ ခံခဲ့ကြရတယ်။ ကိုဇာနည် ခေါ် မောင်မောင်ညွန့် ရဲ့ ယနေ့(၂၀၀၆) အထိခံစားနေရတဲ့ အောက်ပိုင်းချိပြီး လမ်းမလျှောက်နိုင်တော့တဲ့ ဒဏ်ဟာ သာယာဝတီထောင်မှာ စတင် အခြေဆိုးခဲ့တာပါ။ NLD လူငယ် မောင်မောင်အေး (တင်းပုတ်) ၊ NLD လူငယ် ကိုသန်းဝင်း တို့ ၂-ယောက် သာယာဝတီထောင်ရောက်ပြီး မကြာခင်မှာဘဲ ၀မ်းပျက်ဝမ်းလျောရောဂါနဲ့ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပါတယ်။ စပ်စု အမည်မမှတ်မိတော့တဲ့ တခြားသေဆုံးသူတွေလဲ ရှိခဲ့ပါတယ်။ ယနေ့နံမည်ရ တာဝန်ခံ အယ်ဒီတာတဦးဖြစ်နေပြီ ဖြစ်တဲ့ ကိုသောင်းဦး(ကိုဦးဆွေ) လဲ သာယာဝတီထောင်ထဲရောက်မှ သူ့ရဲ့တကိုယ်လုံးဖြစ်လာရတဲ့ ယားနာရောဂါကို မိန်းဂျေးရှေ့ နေပူထဲ ပက်လက်လှန် ဆန္ဒပြလိုက်မှ ကုသခွင့်ရခဲ့ပါတယ်။

ဒီလိုနဲ့ကျန်းမာရေး မကောင်းကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမှည့်ချွေဘို့ (Labour) ချ အလုပ်လုပ်ရမယ်ဆိုပြီးဖြစ်လာပါတယ်။ နိုင်ငံရေးအကျဉ်းသား ၁၀၀-နီးပါးက အလုပ်မလုပ်ရေး (Labour Strike) ၊ အစာငတ်ခံဆန္ဒပြ (Hunger Strike) လုပ်ဘို့စီစဉ်ကြပါတယ်။ စပ်စုက ဒါဟာ အာဏာပိုင်တွေရဲ့ ထောင်ချောက်ထဲ တိုးဝင်တာဘဲလို့ပြောပေမဲ့ အများစုကလက်မခံကြပါဘူး။ “ဆရာကတော့ အစာငတ်မခံနိုင်ဘူး၊ ဥပုသ်တော့ စေါင့်လေ့ရှိတယ်။ ဒါကြောင့် ကိုယ်တိုင်မလွတ်မချင်း၊ အန်တီစုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း နေ့တိုင်း ဥပုသ်စေါင့် ၁၀-ပါးသီလနဲ့ နေမယ်” လို့ပြောတော့ လူငယ်အများစု ကျေနပ်လက်ခံ သွားကြပါတယ်။

ဒီလိုနဲ့ သာယာဝတီထောင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အလုပ်မလုပ်ရေး (Labour Strike) နဲ့ အစာငတ်ခံဆန္ဒပြ (Hunger Strike) တိုက်ပွဲကြီးပေါ်ပေါက်လာပါတယ်။ ထောင်အာဏာပိုင်တွေက အလုပ်မလုပ်ချင်တဲ့သူတွေ ဆန်္ဒပြမနေနဲ့ အဆောင်တဆောင်ထဲမှာ သပ်သပ်ထားပေးမယ်။ ထွက်ခဲ့ကြဆိုလို့ (Strike) သမားတွေ ယုံကြည်ပြီးထွက်သွားမိကြတယ်။ မကြာပါဘူး ၀က်ဘုတ်တွေဖက်က အဆောင်တွေနား မရောက်ခင်မှာဘဲ လက်မရွံ့ ထောင်ဝန်ထမ်းတွေရဲ့ ရက်ရက်စက်စက် ၀ိုင်းဝန်းရိုက်နှက်ခြင်းကို မရှုမလှ အလစ်ခံလိုက်ကြရတယ်။ ပြီးတော့တိုက်ခန်းတွေထဲ တိုက်ပိတ်ခံလိုက်ကြရတယ်။
စပ်စုတို့လူကြီးပိုင်းတွေဆီလဲ လာပြီး ရာဘာဖိုင်ဘာတုတ်တွေ တ၀င့်ဝင့်နဲ့ နှစ်ရစ်သုံးရစ် ၀န်ထမ်းကြီးတွေက “ထွက်လေကွာ၊ မင်းတို့လူကြီးတွေ ကျောင်းဆရာတွေ သတ်္တိမရှိဘူးလား” ဆိုပြီး ခြိမ်းခြောက်စိမ်ခေါ်လာပါတယ်။ စပ်စုစိတ်ထဲမှာတော့ အင်းစိန်ထောင် ထောင်ပိုင်ကြီးက “မင်းတို့သာယာဝတီမှာတော့ အေးအေးဆေးဆေး ဇိမ်နဲ့နေရမှာပါ”ဆိုတဲ့စကားကို ပြန်ကြားယောင်ပြီး “ငါတို့ကို ပုံစံသွင်းနေပါပေါ့လား” ဆိုတဲ့သတိနဲ့ “အေးဆေးပါဗျာ၊ အချိန်တန်တော့ ကျုပ်တို့လဲ ထွက်မှာပါ” လို့ စိမ်ခေါ်မှုကို အချိန်ရွှေ့လက်ခံလိုက်ပါတယ်။

ဒီလိုနဲ့ ထောင်သက်လေးရလာတော့ အလုပ်မရှိ၊ ပြောစရာစကားတွေကုန်၊ စာမဖတ်၊ စာမရေးရ၊ ယားနာတွေပေါက်၊ ကျန်းမာရေးချို့တဲ့နဲ့ နေရ ထိုင်ရ တရားမှတ် တရားထိုင်ရတာ မရှင်းမသန့်ဖြစ်လာတယ်။ ထောင်သက်ကြာလာရင်ဖြစ်တတ်ကြတဲ့ အချင်းချင်းရန်လိုမှုတွေလဲ ဖြစ်လာတယ်။ အဲ့ဒီတုံးက ကိုယ်ဘာဖြစ်လို့ ဖြစ်နေမှန်းမသိခဲ့ဘူး။ သူတပါးအပေါ် မယုံသင်္ကာစိတ်တွေ၊ ကိုယ့်ကို မလိမ့်တပတ် လိမ်ညာအမြတ်ထုတ်သွားမှာ စိုးရိမ်တဲ့စိတ်တွေ၊ တကိုယ်တော်စွန့်စားချင်စိတ်တွေလဲ ပေါ်လာတယ်။

ကိုယ့်နေရာမှာ ပက်လက်လှန်အိပ်နေရင်း အဆောင်အမိုးပေါ်က မီးချောင်းကို တခုခုနဲ့ပေါက်ပြီးခွဲချင်စိတ် ပေါ်လာတာနဲ့ ပါးစပ်က လွှတ်ခနဲ ဘေးကတယောက်ကို “ မီးချောင်းကိုပေါက်ခွဲ လိုက်ချင်တယ်” လို့ပြောလိုက်မိတယ်။ဒါကို ပတ်ဝန်းချင်ကကြားသွားပြီး အခန်းလူကြီးဖြစ်တဲ့ NLD လူငယ်ပန်းသီး (ကိုစိုးမြတ်ဦး) ကိုသွားပြောကြတယ်။

ပန်းသီးက “ကိုဖြူဝင်း အေးဆေးပါဗျာ” လို့ပြောယုံရှိသေး ၀န်ထမ်းတယောက်သိသွားပြီး၊ တဆင့်တဆင့်နဲ့ ထောင်မှူးက ထောင်ဆေးရုံပို့မယ်စီစဉ်ပါရော။ စပ်စုစိတ်ထဲမှာတော့ ထောင်ဆေးရုံမှာ အစားအသောက် အနေအထိုင် ချောင်မဲ့အပြင် အတောင့်တဆုံးဖြစ်တဲ့“ဖတ်စရာအခုခုတော့ ရမှာဘဲ” လို့ ကြိတ်ပြီးသဘောခွေ့နေမိတယ်။ RIT မှာ ၁၉၇၀-၇၇ အတူတက်ခဲ့ကြဘူးတဲ့ ကိုခင်စိုး (ဂွတ္တလစ်မြို့နယ် NLD) ကို “ကျွန်တော်တော့ ထွက်လေကွာဆိုလို့ ထွက်ပြီ၊ တိုက်ပွဲစပြီ ထင်တယ်”လို့ပြောတော့ ကိုခင်စိုးက သူလဲလိုက်မယ် ပြောပါတယ်။ အဆောင်မှာ ထိန်းမဲ့လူကြီးလိုတယ်၊ ကျွန်တော်တယောက်ထဲဖြစ်ပါတယ် ပြောမှ သူကျန်ခဲ့ပါတယ်။

လက်တွေ့မှာတော့ စပ်စုကို ထောင်ဆေးရုံပေါ်ကိုခေါ်မသွားဘဲ၊ သာယာဝတီထောင် ထောင်ဗူးဝရဲ့ လက်ဝဲဖက် အစွန်ဆုံး ထောင်ဆေးရုံနဲ့ ကိုက် ၁၀၀-လောက်အကွာ၊ ထောင်ကျနေကြတဲ့ လက်ပါးခေါ် (Leprocy) ကုဋ္ဌနူနာ ရောဂါသည်များနဲ့ စိတ္တဇရောဂါသည် အရူးများ ထားရာ “ သာယာဝတီထောင် လက်ပါးနဲ့ အရူးတိုက်” ကိုဘဲ စပ်စုရောက်ရတော့တယ်။ အဲ့ဒီမှာ အဆင်သင့်စေါင့်နေတဲ့ သံခြေချဉ်းနဲ့ ဒေါက်ခတ်တာကို “တရားရှုမှတ်ရ အဆင်ပြေပါစေသား” လို့ စိတ်ထဲက ဆန္ဒပြု ဆုတောင်းယုံကလွဲပြီး  ဟန်ဆောင်အပြုံးနဲ့ဘဲ ခံယူလိုက်ရပါတယ်။ သာယာဝတီထောင်ကတော့ ငါ့ကိုပညာပြတော့မယ် လို့ စိတ်ထဲမှာသိနေရင်း၊ တိုက်ခန်းထဲဝင်ပြီးတာနဲ့ “ဒီတိုက်တွေကတော့ ဘယ်သူမှ အကောင်းပြန်မထွက်တဲ့ တိုက်တွေဘဲ” လို့ ထောင်ဝန်ထမ်းက ပြောပြောဆိုဆို ဂျိန်းကနဲ တိုက်တံခါးပိတ်သံကြားလိုက်ရပါတယ်။

သာယာဝတီထောင် လက်ပါးနဲ့အရူးတိုက်ဟာ ၈ပေ x ၁၀ပေ တိုက်ခန်း ၁၀-ခန်းပါတဲ့တိုက်ဟောင်းကြီးပါ။ အခန်းထဲမှာ အိပ်ဖို့ ၀ါးကပ်တချပ်နဲ့ အပေါ့အလေးစွန့်ဘို့ အဖုံးမပါ ဂန်ဖလားတလုံး၊ ပိတ်ထားတဲ့ တိုက်ခန်းထဲက လှမ်းခပ်လို့ရယုံ တနေရာမှာ သောက်ရေအိုးတလုံး၊ ဒါဘဲပေးထားပါတယ်။ စေါင်ခြင်ထောင် မပေးပါဘူး။ ထောင်ပုံစံ ပုဆိုးတထည်ကို များပြားလှတဲ့ ကြမ်းပိုးတွေ မကိုက်အောင်ခင်း၊ ၀တ်ထားတဲ့ ကျန်တထည်က ခြင်မကိုက်အောင်၊ ဆိုးဝါးလှတဲ့အအေးဒဏ်ကိုခံနိုင်အောင် ပုဆိုးကို စေါင် ခြင်ထောင် အဖြစ်နဲ့ပါခြုံ (၁ In ၃ ) သုံးပြီး ပုဇွန်တုပ်ကွေး ကွေးအိပ်ရပါတယ်။

စပ်စုကိုလာမိတ်ဖွဲ့ကြတဲ့ တတိုက်ထဲမှာ တယောက် တခန်းဆီ နေ နေကြတဲ့ သူတွေကတော့ တက်ပု၊ ငတက်ပြားနဲ့ ဘုရားခိုးတို့က အနူရောဂါသည်တွေ။ တက်ပုက နူလို့ခိုး ခိုးလို့နူတဲ့ အနူ။ ငတက်ပြားက မခိုးရ မနေနိုင်တဲ့ ရောဂါနဲ့ ခြေဆန်လက်ဆန်တွေ ရှည်မျောမျော ရောဂါဆန်းတမျိုးရှိတဲ့ သူခိုးအနူ။ ဘုရားခိုးက “တပည့်တော် အရှင်ဘုရား ပေးသမျှ အပြစ်ကို ခံပါ့မယ် ”ဆိုပြီး ရှေ့ဟောင်းဘုရားတွေ ထီးတော်တွေ ခိုးရာက ထောင်ကျ၊ စပ်စု ရောက်နေတုံးမှာဘဲ တဖြေးဖြေး မျက်လုံးတွေက ဖုတွေထွက်၊ တကိုယ်လုံး အဖုအပိမ့်တွေထွက်ပြီး နူသွားတဲ့သူ။ ဦးဆေးခြောက်ကြီး၊ မိုးပေါ်ပစ်၊ ဒို့အရေးစိုးမြင့်၊ ထောင်ပြေး နဲ့ မုဒိန်း တို့က စိတ်ရောဂါသည် အရူးတွေ။ စိုးမြင့်က ဒို့အရေး ဒို့အရေးနဲ့ အမြဲအော်နေတဲ့ ၈၈အရေးအခင်းမှာစရူးသွားရရှာတဲ့ တကယ့်အရူး၊ ဦးဆေးခြောက်ကြီးနဲ့မိုးပေါ်ပစ် ကကြောင်ယုံသက်သက်၊ ဦးဆေးခြောက်ကြီးက သူ့ကိုယ်သူ ဗကပ လက်ဟောင်းကြီးတဲ့။ မိုးပေါ်ပစ်ကတော့ တပ်ပြေး၊ သူ့တပ်ကအရာရှိတွေနဲ့ တချို့ရဲဖေါ်တွေကို သဘောမတွေ့ဖြစ်ပြီး၊ ဂျီးသရီး ကျည်တကပ်လုံးကုန်အောင် မိုးပေါ်ထောင်ပစ်ခဲ့လို့ ထောင်ကျလာတာ၊ သူဆိုလေ့ရှိတဲ့ သီချင်းက ခိုင်ထူးရဲ့ “အားလုံးကိုကျော်ဖြတ်ရမယ်” အလိုက် “မိုးပေါ်ကိုထောင်ပစ်ရမယ်”တဲ့။ “အော်--အခုတော့ -မိုးပေါ်ကိုထောင်ပစ်ရမယ်”လို့ဆွေးဆွေးမြေ့မြေ့ ဆိုလေ့ရှိပါတယ်။ အမြဲတမ်းလဲ မှိုင်တွေ ငေးမော နေလေ့ရှိပါတယ်။ ထောင်ပြေးနဲ့ မုဒိန်း ကတော့ မနူမရူးဘဲ ပုံစံအပေးခံထားရတာပါ။

ဟော-ညဖက်ရောက်လာပါပြီ။ အမှောင်တိုက်မဟုတ်ပေမဲ့ နေ့ဖက်မှာ အလင်းရောင် မလုံလောက်တဲ့အခန်းဟာ ညဖက်မှာလည်း ခရမ်းချဉ်သီးမီးလုံးက လင်းတယ်ဆိုယုံလေးပါ။ အဲ့ဒီမီးလုံးမှိန်မှိန်နဲ့တိုက်ခန်းအနေအထားကိုက ခြောက်ခြားစရာပါ။ အိပ်ခါနီး ခြေချဉ်းနဲ့ ဒေါက်ကို လေ့လာကြည့်တော့ ၀ိရိယစိုက်ရင် ဖြုတ်ရလွယ်မဲ့ အနေအထားကိုတွေ့ရပါတယ်။

အိပ်ချိန်သံချောင်းခေါက်တော့ အဆောင်မှာ မနက်ကထဲက ဘုရားရှိခိုး တရားထိုင် လုပ်ခဲ့ပြီးလို့ ဘုရားထပ်မရှိခိုးတော့ဘဲ ဖျာပေါ် ပက်လက်အနေအထား လှဲနေမိပါတယ်။ ဟိုတွေးဒီတွေး တွေးနေရင်းက ရုတ်တရက် အိပ်ပျော်သွားပါတယ်။ “ဂျွမ်း” ဆိုတဲ့အသံနဲ့အတူ စပ်စု ရုတ်တရက်လန့်နိုးသွားပါတယ်။ အလှည့်အပြောင်းလုပ်လိုက်ရင်း သံခြေကျဉ်းသံကြောင့် လန့်နိုးသွားပါလားလို့ စပ်စုစိတ်ထဲမှာ ဖြစ်မိပါတယ်။ ဒီလိုနဲ့ တခါထပ်အိပ်ပျော်သွားပြီး “ဂျွမ်း” ဆိုတဲ့အသံနဲ့အတူ လန့်နိုးပြန်ရော။ ဒီတခါတော့ တယောက်ယောက်က သံခြေချဉ်းကို လက်ကိုင်ကွင်းက မ,ပြီးပြန်ပစ်ချလိုက်တာပါလားလို့ စိတ်ကဖြစ်မိပါတယ်။ ဒါပေမဲ့ တယောက်ထဲ ကိုယ်ကလွဲပြီး ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ၊ အပြင်ကနေလှမ်းဆွဲလို့ လက်လှမ်းမမှီတဲ့နေရာမှာ အိပ်နေတာဆိုတော့ ကိုယ့်ဘာသာ “စိတ်ထင်လို့ပါ ဟိုလှည့်ဒီပြောင်းနဲ့ အသံထွက်သွားတာပါ” လို့ကိုယ့်ကိုယ်ကိုဖြေသိမ့်ပြီး ထပ်အိပ်ပျော်သွားပြန်ရော။ ဒါပေမဲ့ မသိစိတ်တ၀က် သိစိတ်တ၀က်နဲ့ဘဲ သတိထားအိပ်ပျော်သွားတယ်ထင်ပါတယ်။ တတိယအကြိမ် “ဂျွမ်း” ဆိုတဲ့အသံနဲ့အတူမှာတော့ စပ်စုတယောက် ခေါင်းနပမ်းကြီးစွာ၊ တကိုယ်လုံးကြက်သီးမွှေးညှင်းထစွာနဲ့ ထထိုင်မိပါတယ်။ မမြင်ရတဲ့ တစုံတယောက်က သံခြေချဉ်းကို မ,ပြီး တမင်ပစ်ချလိုက်ပါလားလို့လဲ ခံစားသိရှိလိုက်ပါတယ်။

ဒီတခါလဲ “ စိတ်ထင်တာပါ၊ တကယ်သရဲဆိုလဲ လေ့လာရတာပေါ့” လို့ အင်ဂျင်နီယာဘွဲ့ရ သိပ္ပံတွဲကျောင်းဆရာ စပ်စု၊ စိတ်ထဲက ဖြစ်လိုက်သေးပေမဲ့ ဖျာပေါ်မှာ စေါင့်ကြောင့်ထိုင် လက်အုပ်ချီ အနေအထားဖြစ်နေပါပြီ။ မကြာခင်ဘဲ ဘုရားရှိခိုး ဂုဏ်တော်တွေပွား မေတ္တာပို့ပြီး အမျှအတန်းဝေဘို့ ဦးသုံးကြိမ်ချမိပါတယ်။ ဂုဏ်တော်တွေ နှုတ်က အသံထွက်ဆိုနေပေမဲ့ စိတ်ကတော့ စပ်စုအဖေဆုံးတဲ့နေ့က ခြေမကို ကိုင်ပြီးလှုပ်နှိုးတာ ခံခဲ့ရဘူးတာ၊ မင်းကွန်းတောရမှာမြင်ခဲ့ရဘူးတဲ့ ကျောင်းခေါင်မိုးပေါ်မှာ အများကြီးစုပြုံ နေနေကြတဲ့ ဖါးတပိုင်းငါးတပိုင်းလိုလို ခြောက်လက်မ လောက်ရှည်တဲ့ မှင်စာတွေ၊ သာယာဝတီထောင် စရောက်တဲ့ညက အိပ်မက်လိုလို တွေ့ခဲ့ရဘူးတဲ့ သုံးထပ်တိုက်လောက်အရပ်မြင့်တဲ့ အသားမည်းမည်း အကောင်ကြီး ၂ကောင်၊ စတာတွေဆီလဲ ရောက်နေမိပါတယ်။

တနာရီကျော်ကြာ ဂုဏ်တော်ပွား၊ မေတ္တာပို့၊ အမျှအတန်းဝေပြီးချိန်မှာတော့ စပ်စု တယောက်ပြန်အိပ်လို့ မရတော့ပါဘူး၊ မျက်လုံးကျယ်ပြီး သံခြေကျဉ်းကို ကိုင်မ,ပြီး ပြန်ချကြည့်နဲ့ အကြိမ်ကြိမ် လေ့လာနေမိပါတယ်။ နောက်သံခြေကျဉ်း ရက်ဘစ်တွေကို လေ့လာကြည့်တော့ တဖက်က အထုလွန်လို့ လိမ်ဖယ်ဝင်နေတာ တွေ့ရပါတယ်။ ကုတ် သဘောတရားကို တွဲထားတဲ့ ဒေါက်နဲ့ တွဲဖက် အသုံးချလိုက်တော့ ရက်ဘစ်တဖက်ပြုတ်သွားပါတယ်။ သရဲလေ့လာချင်စိတ်နဲ့ သံခြေကျဉ်းရက်ဘစ်ဖြုတ်တဲ့စိတ် ရောသွားလို့ထင်ပါတယ် ရက်ဘစ်ပြုတ်ပြီး မကြာခင် စပ်စု အိပ်ပျော်သွားပြန်ရော။ အိပ်မက်ထဲမှာ သူ့ကို လည်ပင်းညှစ်ပြီးနံရံနဲ့ခေါင်းနဲ့ ဆောင့်သတ်တယ်လို့ တစုံတယောက်က စပ်စုကို လာပြောပါတယ်။ အိပ်မက်ကလန့်နိုးတော့ မိုးလင်းလုပါပြီ။ ဒါကတော့ သာယာဝတီထောင် လက်ပါးနဲ့အရူးတိုက် အခန်းနံပါတ် (၄) ရောက်စည ဖြစ်ရပ်မှန်သာဖြစ်ပါတယ်။ တစ္ဆေသရဲနဲ့ ပတ်သက်ပြီး စပ်စုရဲ့ ယုံကြည်မှုကို နည်းနည်းလေး ပိုတိုးစေခဲ့တဲ့ဖြစ်ရပ်မှန်သာဖြစ်ပါတယ်။ နောင်စုံစမ်းကြည့်လိုက်တော့ အိပ်မက်ထဲက အတိုင်း အကျဉ်းသားနှစ်ဦး တဦးကိုတဦး အသေသတ်ကြတဲ့အခန်း၊ ကြမ်းတယ်၊ ဘုရားများများရှိခိုး လို့အကြံပေးကြပါတယ်။ ကြောင်သွားနိုင်တယ်လို့လဲ ပြောကြပါတယ်။

ဒါနဲ့ စပ်စုလဲ ပေါ့ဆလို့တော့မဖြစ်ဘူး၊ စိတ်ကိုငြိမ်အောင်ထိန်းဘို့လိုတယ်ဆိုပြီး စီမံချက်ချရပါတယ်။ နေ့စဉ်လုပ်ရမည့် အလုပ် ၁၈-မျိုးပါ။ “ နိုးကြားသတိ၊ ဘုရားရှိခိုး၊ ၀ိပဿနာ၊ ရှုမှတ်ကာလျှင်၊ မေတ္တာပွားလျက်၊ ဂုဏ်တော်ဖက်၍၊ ကျက်,အံ,ကြံ,ကြည့်၊ ရေး,ဖြန်ချိကာ၊ ပါဠိ,ပုတီးစိပ်၊ နိဗ္ဗာန်စိတ်နှင့်၊ သိပ်,လိပ်,တီထွင်၊ စီးပွားမြင်၊ နေ့စဉ်လုပ်ရန် တာဝန်တည်း” လို့ စာစီထားပါတယ်။ “ကျက်,အံ,ကြံ,ကြည့်၊ ရေး,ဖြန်ချိ” ဆိုတာ တရားစာ သို့မဟုတ် ရနိုင်တဲ့စာ တနေ့တပုဒ်ကျက်မယ်၊ ရ,ထားတာတွေ ပြန်အံဆိုကြည့်မယ်၊ ကြံဆစိစစ်မယ်၊ ရသမျှ စာကိုကြည့်မယ်၊ ပြီးတော့စာတွေရေးမယ်။ စာရေးကိရိယာတွေ ဘယ်လိုမှ အဆင်မပြေရင် စိတ်နဲ့ရေးမယ်။ နှုတ်နဲ့ဖြန့်မယ်။ “ သိပ်,လိပ်,တီထွင် ” ဆိုတာ၊ သိပ် က သိပ္ပံ၊ လိပ်က အင်္ဂလိပ် စကားနဲ့စာ၊ တီထွင် က တီထွင်မှု တခုခု၊ ဒါတွေလဲ နေ့စဉ်လုပ်မယ်။ အနည်းဆုံးစိတ်နဲ့လုပ်မယ်။ တိုးတက်အောင် မမေ့အောင်လုပ်သွားမယ်။ အကျိုးရှိအောင် လုပ်မယ်။ ကိုယ်ရောစိတ်ပါ ကစဥ့်ကလျား မဖြစ်အောင် မမေ့ မလျော့
မပေါ့ မဆ = သတိ, ၀ိရိယ, သမာဓိ, ပညာ နဲ့ နေရမယ်လို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။ အသေအချာ အမျှအတန်းဝေခြင်းနဲ့ ကိုယ်ကျူးလွန်ခဲ့တာတွေ တောင်းပန်၊ ကိုယ့်အပေါ် ကျူးလွန်ကြတာတွေ ခွင့်လွှတ် စတဲ့ ပုညကြိယာ သုစရိုက် တရားများလဲ နေ့စဉ် ဖြည့်ဆည်းခဲ့ပါတယ်။

ဒီလိုနဲ့ တိုက်ပိတ် တလပြည့် သွားတော့ ခြေကျဉ်းနဲ့ဒေါက် ဖြုတ်ပေးကြပါတယ်။ စပ်စုကို အဆောင်ကို ပြန်မပို့ဘဲ လက်ပါးနဲ့ အရူးတိုက်မှာဘဲ ဆက်ထားပါတယ်။ ပိတ်ထားတဲ့ထောင်ဝင်စာလဲ ပြန်တွေ့ခွင့်ရပါတယ်။ သာယာဝတီထောင် ဆေးရုံဝင်းကြီးဟာ အကျယ်ကြီးပါ။ ထောင်တွေရဲ့ထုံးစံအတိုင်း သစ်ပင်ကြီးတွေ မရှိပေမဲ့ အကျဉ်းသားတွေရဲ့ လုပ်အားနဲ့ ပန်းမျိုးစုံ ဝေေ၀ဆာဆာ ဖူးပွင့်ပြီး လှချင်တိုင်း လှနေပါတယ်။ စပ်စုတို့နေရတဲ့ ရှေ့ဦးအင်္ဂလိပ်လက်ရာ လက်ပါးနဲ့အရူးတိုက် ကလွဲလို့ ကျန်နောက်ပိုင်း အင်္ဂလိပ်လက်ရာ အဆောင်တွေ အခန်းတွေဟာ ကျောက်ပြားအနီတွေနဲ့ သပ်ရပ်ခန့်ငြားလှပါတယ်။ လမ်းတွေကလည်း ညီညီညာညာ သပ်သပ်ရပ်ရပ်မို့ စပ်စု အတွက်တော့ သမာဓိကောင်းကောင်းရစေတဲ့ စင်္ကြံလမ်းတွေပါဘဲ။

အပေါ်အဖြူ အောက်အဖြူ ၀တ်ဖြူစင်ကြယ် ထောင်ဝတ်စုံနဲ့ စပ်စုအတွက်ကတော့ ရောင်စုံပန်းမာန်တွေကြား မိုးပြာပြာကြီးအောက်မှာ တကိုယ်တော် ၁၀-ပါးသီလနဲ့ နေခွင့်ရတာဟာ ရိပ်သာတခုကိုရောက်ရ သလိုပါဘဲ။ ဂုဏ်တော်တွေပွား၊ မေတ္တာတွေပို့၊ ကျက်ထားတာတွေ ပြန်ဆိုရင်း ပန်းမျိုးစုံတွေ၊ လိပ်ပြာမျိုးစုံတွေ လေ့လာအနားယူခွင့်ရတာဟာလဲ၊ စပ်စုအတွက် “မ၀တ” ချမှတ်လိုက်တဲ့ “အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃-နှစ်” ဟာ “ကမ္မဋ္ဌာန်းကျောင်းနဲ့ ထောင်ဒဏ် ၃-နှစ်” ဖြစ်နေပါတယ်။

တခါတရံ တနေ့မှာ တနာရီ နှစ်နာရီလောက် လမ်းလျှောက်ခွင့် ပေးတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ၊ စပ်စုအတွက်တော့ စပ်စပ်စုစု လေ့လေ့လာလာလုပ်ဘို့ အခွင့်အရေးပါဘဲ။ သာယာဝတီ ထောင်တွင်းမှာရှိတဲ့ အခြေခံပညာအထက်တန်းမေးခွန်းတွေ ရိုက်နှိပ်တဲ့ ခြံဝင်းကြီးနားအထိ စပ်စု လျှို့ဝှက်လေ့လာ လမ်းလျှောက်ထွက်ဘူးပါတယ်။ မြန်မာပြည်အရပ်ရပ်က လက်ရွေးစင် ဆရာတွေချည်းဘဲ (ဆရာမတွေမပါ) နှစ်စဉ် ဒီဇင်ဘာ (၁)ရက်ကနေ၊ စာမေးပွဲတွေ ဖြေအပြီး နောက် တရက်အထိ အဲ့ဒီခြံဝင်းထဲမှာ ပိတ်လှောင်ထားပါတယ်။ ပုံနှိပ်စက်ကြီးတွေနဲ့ မေးခွန်းတွေရိုက်နှိပ်စေပါတယ်။

ဒီခြံဝင်းကြီးထဲမှာ ဘော်လီဘောကွင်း၊ စားပွဲတင်တင်းနစ်ခုံတွေ၊ တီဗီတွေ၊ အိပ်ဆောင်တိုက်ခန်းတွေ အပြင် ထမင်းဟင်းအစားအစာ လှည်းနှစ်စီး မေးခွန်းတွေထည့်မပေးနိုင်အောင် အတွင်းနဲ့အပြင် အလဲအလှယ်လုပ်တဲ့ တံခါး ၄-ထပ်ရှိတဲ့ အခန်း၊ မေးခွန်းရိုက်ပျက်တွေ အပြင်မရောက်အောင် မီးရှို့တဲ့ မီးရှို့စက်နဲ့ ခေါင်းတိုင်ကြီးတွေပါ၊ စုံစုံလင်လင် ရှိပါတယ်။

မတ်လ စာမေးပွဲအနီးမှာ ထောင်အာဏာပိုင်တွေတောင် ၀င်ခွင့်မရှိတဲ့ အဲ့ဒီမေးခွန်းတွေရိုက်တဲ့ဆီကို စစ်ဆေးရေးဆိုသူတွေ မကြာခဏ ရောက်ရောက်လာတတ်ပါတယ်။ တ၀က်တပျက်မီးလောင်ထားတဲ့ မေးခွန်းအပိုင်းအစတွေလဲ တွေ့ရတတ်ပါတယ်။ ဒီမေးခွန်းအပိုင်းအစတွေပေါ် မူတည်ပြီး ဘာမေးခွန်း ဘယ်ပုစ္ဆာ ဖြစ်နိုင်တယ်ဆိုတာ ကျူရှင်ဆရာစပ်စု စုံထောက်မောင်စံရှားလဲ လုပ်ပေးခဲ့ရဘူးပါတယ်။ သိရသလောက်တော့ မေးခွန်းရိုက်ပျက် မီးရှို့စက်ကြီးက အင်မတန်ကောင်းပေမဲ့ ဒီလိုဒီလို တပိုင်းတစ မီးလောင်အောင် မီးရှို့ရတာတော့ အင်မတန် ပညာသားပါတယ်လို့ ဆိုကြပါတယ်။

အထိမ်းအမှတ်နေ့တွေမှာ ထောင်ဝင်စာမှာ အလစ်သွင်းခွင့်ရခဲ့တဲ့ “ကဒေါင်းပုံပါတဲ့ မျက်နှာသုတ်ပုဝါကြီး” ကို တွဲလွဲ ချိတ်ဆွဲပြီး စပ်စု ဝေပေးတဲ့မုံ့တွေ စားကြနဲ့ ခပ်ဝေးဝေးမှာ သူတို့ဆိုကြတဲ့ ချိုပြုံးရဲ့ ဝေးတမြေခြားသူ၊ မိုးပေါ်ကိုထောင်ပစ်ရမယ်၊ တပ်မတော်အင်အားချိမှ တိုင်းပြည်အင်အားချိမည် စတဲ့ သီချင်းတွေဟာလဲ ဥပုသ်သည် စပ်စုအတွက်တော့ သမာဓိပွားကြောင်းတွေထဲက စိတ်ကိုရွှင်စေခြင်းပါဘဲ။ သီလ ညှိုးနွမ်းကြောင်း လဲဖြစ်ပါတယ်။

ဝေးတမြေခြားသူ သီချင်းကို သာယာသတီမြို့တွင်းနဲ့ ဂဠုန်ဆရာစံတို့ရဲ့ ဖါးရွှေကျော်၊ ဂုံမင်းမြောင် စတဲ့ ပတ်ဝန်းကျင်ရွာတွေက မကြာခဏလွှင့်တာကြားရလေ့ရှိသလို အရူးတွေ အနူရောဂါသည်တွေ နှာခေါင်းသံနဲ့သီဆိုတဲ့ တပ်မတော်အင်အားချိမှ တိုင်းပြည်အင်အားချိမည်၊ ရှိ နဲ့ ချိ လွဲနေတဲ့ သီချင်းကိုလဲ ကြားရလေ့ရှိပါတယ်။ နောင် လက်ရှိ တပ်မတော်ကို စပ်စုမကျေနပ်တာရှိရင် အဲ့ဒီသီချင်းကို စာသားပြောင်းပြီး

“တပ်မတော်ကြီးကို အသစ်ဖွဲ့ဘို့ အမြန်ပင်လိုပါပြီ၊ တပ်လူ(ရဲဘော်) (တပ်ဗိုလ်) အပေါင်းတွေ အပါယ်ငရဲမလားဘို့ ကယ်ဆွဲရပေမည်၊ ရိုးရိုးသားသား ပြည်ချစ်တဲ့စိတ်သည်၊ နိုးနိုးကြားကြား ပြည်သူဖက်ရပ်တည်၊ နိုးနိုးကြားကြား ပြည်ချစ်တဲ့စိတ်သည်၊ ရိုးရိုးသားသား ပြည်သူဖက်ရပ်တည်၊ တပ်မတော်--၊ တကယ်မွန်မြတ်ရန်လိုအပ်ပြီ၊ ပြည်သူချစ်တဲ့ တပ်မတော်အသစ်လိုပြီ၊ ဟေ့-တပ်မတော်ကြီးကို အသစ်ဖွဲ့ဘို့ အမြန်ပင်လိုပါပြီ၊”

စသည်ဖြင့်ဆိုလေ့ရှိတာဟာ သာယာဝတီထောင်က လက်ပါးနဲ့အရူးတွေရဲ့ အဲ့ဒီ “တပ်မတော်အင်အားချိ” ကနေ စခဲ့တာပါဘဲ။

ဒီလိုနဲ့ ကျန်းမာ,၀ဖြိုး သမာဓိတွေတိုးနေတဲ့ စပ်စုကို ကမ္မဋ္ဌာန်းအသစ်တွေ ပွားများစေဘို့ အခြေအနေ တရပ်ဖြစ်လာပါတယ်။ ဒါကတော့ စပ်စုတို့ အခန်းတွေကို သောက်စရာရေ လာမဖြည့် တာပါဘဲ။ တခါ၊ ၂ခါ၊ ၃,၄ခါကနေ အကြိမ်ပေါင်းများစွာတောင်းဆိုပြီး အချိန်ကြာလာတော့ စပ်စုတို့ စိတ်မရှည်နိုင်ကြတော့ပါဘူး၊။ အဲ့ဒီမှာ စပ်စုက ဦးဆောင်ပြီး “ရေ- ရေပေးပါဗျို့” လို့ အော်ကြပါတယ်။ စပ်စု ငယ်ငယ်က မိုင်ဒါကွင်းထဲမှာ တော်လှန်ရေးနေ့ချီတက်ကြမဲ့ တပ်မတော်သားတွေ လေ့ကျင့်ကြရာမှာ တပ်ကြပ်ကြီးရဲ့ “ တပ်ပေါင်း-သတိ” ဆိုပြီး ၀မ်းခေါင်းသံကြီးနဲ့ တကွင်းလုံးကြားအောင် အော်ပြီး အမိန့်ပေးတာကို သဘောကျလေ့ကျင့်ခဲ့ဘူးပါတယ်။ အခုလဲ “ရေ- ရေပေးပါဗျို့” ဆိုတာကို အဲ့ဒီတပ်ကြပ်ကြီးအသံမျိုးနဲ့ စပ်စု အော်လိုက်မိတယ်ထင်ပါတယ်။ ဒီအခါကျမှ ထောင်မှူးနဲ့ ထောင်ဝန်ထမ်းတွေ ပြာပြာသလဲဖြစ်ပြီး စပ်စုတို့ လက်ပါးနဲ့ အရူးတိုက်ကိုရောက်လာကြပါတယ်။ တိုတိုပြောရရင် နိုင်ငံရေး ၅-ည စပ်စုတယောက်ထဲကိုဘဲ ဒေါက်ခြေချဉ်းခတ် တိုက်ပိတ် ထောင်ဝင်စာ ၃-လ ဖြတ်အပြစ်ဒဏ်ပါဘဲ။ တခုပိုတာကတော့ “မိလ္လာချခွင့်မပေးနဲ့” တဲ့။

ကိုယ့်ကိုယ်ကို တခါတခါ “ငါ ပန်းခြံထဲရောက်နေတဲ့ မင်းသားလေးတပါး လိုပါလား” လို့ရွှေဥာဏ်တော်စူးရောက်ဘူးတဲ့ စပ်စုတယောက် မကြာခင်မှာဘဲ “ဘင်ဘုတ်ငရဲ” ရောက်ရပါပြီ။ အသုဘကမ္မဋ္ဌာန်း ဟာ ၂-ရက် ၃-ရက်အတွင်းမှာဘဲ ပီပြင်လာပါတယ်။ မိလ္လာချခွင့်မပေးလို့ ကိုယ့်ဆီးနံ့ မစင်နံ့တွေ နံလာပါတယ်။ နေ့ရောညပါဆိုတော့ နှာခေါင်းထဲမှာ အဲ့ဒီအနံ့တွေစွဲနေပါတယ်။ ၄-ရက်မြောက်နေ့မှာတော့ ကိုယ့်မစင် ကဖြစ်လာတဲ့ လောက်ကောင်ဖြူဖြူတွေ လှန်းလှန်း လှန်းလှန်းနဲ့ အခန်းထဲမှာ စတွေ့ရပါပြီ။ ၄,၅-ကောင်ကနေ များများလာပါပြီ။ တရားထိုင်နေတုံးမှာဆို မျက်နှာပေါ်အထိ တက်လာပါပြီ။ ပါးပေါ်မှာ လှမ်းသွားနေတဲ့ လောက်ကောင်တွေရဲ့ အေးစက်စက်အထိအတွေ့ကို ၃,၄မှတ် မှတ်လိုက်နိုင်သေးပေမဲ့ အဲ့ဒီ လောက်တွေ နားထဲဝင်သွားရင်တော့ အခက်ဘဲဆိုတဲ့ စိတ်ကူးကိုတော့ စပ်စု “အမှတ်မဲ့”သွားပါပြီ။ အဲ့ဒီလောက်ကောင်တွေကို လက်နဲ့သပ်ချလိုက်ရာမှာ ဒေါသ ရာခိုင်နှုန်းများစွာ ပါသွားမယ်ထင်ပါတယ်။ လူမဆန်တဲ့ ဒီနှိပ်စက်ပုံစံသွင်းမှုအောက်မှာ စပ်စုတယောက် စိတ်ရောကိုယ်ပါ အလဲလဲအပြိုပြိုပါဘဲ။ “ဒို့အရေး ဒို့အရေး”လို့ အမြဲအော်နေတဲ့ စိုးမြင့် ကလွဲလို့ လက်ပါးတွေ အရူးတွေတောင် တက်တခေါက်ခေါက်နဲ့ မကျေနပ်ကြောင်း ထုတ်ပြောကြပါတယ်။

ဒီလိုနဲ့ တရားရှုမှတ်မှု ယာယီရပ်ဆိုင်းလိုက်ရတဲ့ စပ်စုတယောက် ထိပ်တိုက်ရင်ဆိုင်မှုလမ်းကို ရွေးရပါပြီ။ နောက်နေ့မနက် ထောင်ပိုင် (Round) လှည့်အစစ်မှာ အဲ့ဒီ ““မစင်တွေ ဆီးရည်တွေ လောက်တွေ ရောမွှေပြီး သင်္ကြန်ရေပက်မယ်”” လို့ကြိုတင်ကြေငြာထားလိုက်ပါတယ်။ နောက်နေ့မနက်မှာတော့ အရည်ဖျော်ထားတဲ့ ဂန်ဖလားကို မြင်သာအောင် တံခါးပေါက်ဝ မှာချထားလိုက်ပါတယ်။ မြေနီမှုန့်ခင်းတဲ့လမ်းအတိုင်း ဖိုင်ဖါတုတ်ကိုင် ရှေ့တော်ပြေးလုံခြုံရေးတပ်တွေနဲ့ ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေး၊ ထောင်မှူးကြီး ထောင်ဆရာဝန်နဲ့ ထောင်မှူးတွေပါတဲ့ ရေပက်ခံအဖွဲ့ ကို စေါင့်ပေမဲ့ တော်တော်နဲ့ ကြွတော်မမူကြပါဘူး။ ဒါနဲ့ တရားရှုမှတ် အလေ့အကျင့်ရထားတဲ့ စပ်စု၊ တင်ပလ္လင်ခွေထိုင်၊ မျက်စိမှိတ်မျက်လွှာချပြီး တရားရှုမှတ်နေမိပါတယ်။ လက်ပေါ်တက်လာတဲ့ လောက်တွေကိုလဲ မျက်စိဖွင့်မကြည့်တော့ဘဲ ဆက်မတက်နိုင်အောင် လက်နဲသပ်သပ်ချရင်း တရားသာမှတ်နေမိပါတယ်။ တော်တော်လေးကြာတော့မှ ရှေ့တော်ပြေးတွေ ၁,၂,၃,၄- ၁,၂,၃,၄နဲ့ညာသံပေးချီတက်လာသံ ကြားရပါတယ်။ အဲ့ဒီအချိန်မှာ စပ်စုရဲ့ တရားရှုမှတ်မှုအရှိန်လဲ အတော်ကလေးရ,စပြုပါပြီ။ လောက်တက်မစင်ရည်တွေနဲ့ ပက်ချင်တဲ့စိတ်လဲ မရှိတော့ပါဘူး။

ဒါပေမဲ့ ဘာသံမှ ဆက်မကြားရတော့ဘဲ တိတ်ဆိတ်သွားပြန်ပါတယ်။ ဒီလိုအခါမျိုးမှာ တရားရှုမှတ်ရ ပိုမိုပြတ်သားတတ်တာ အတွေ့အကြုံရှိသူတို့ ပိုသဘောပေါက်မယ်ထင်ပါတယ်။ စပ်စုစိတ်တွေ တော်တော်ငြိမ်နေပါပြီ။ မလွင့်ပါးတော့ပါဘူး၊ လွှင့်ရင်လဲ လွှင့်တာသိနေနိုင်ပါပြီ။ ၁၀-မိနစ်လောက်ကြာမှ ထောင်ပိုင်ကြီးအဖွဲ့ရဲ့ အသံတွေ စ,ကြားလာရပါတယ်။ တခန်းပြီးတခန်းမေးမြန်းသံတွေကို စပ်စုကြားနေ မှတ်နေမိပါတယ်။ စပ်စုအခန်းအလှည့်ကိုရောက်တော့ စပ်စုကလဲ ကိုယ့်တရားကိုယ်မှတ်နေမိပါတယ်။ မျက်လုံးဖွင့်မကြည်ပါ။ ထောင်ပုံစံ မထိုင်ဘဲ တင်ပလ္လင်ခွေတရားထိုင် ထိုင်နေတာပါ။ လက်အနေအထားကလဲ ဒူးပေါ်လက်သီးဆုပ်တင် ထောင်ပုံစံ အနေအထားမဟုတ်ဘဲ တရားထိုင်တဲ့ ဘယ်လက်ပေါ် ညာလက် ပက်လက်ထပ်ရက် အနေအထားပါ။ ခေါင်းကိုလဲ ထောင်ပုံစံ ၄၅-ဒီဂရီ မငုံ့ဘဲ မတ်မတ်ထောင်ထောင် ၉၀-ဒီဂရီပါ။ ထောင်ပိုင်အလှည့်မှာ ဒီလိုထိုင်တာဟာ ထောင်စည်းကမ်းဖေါက်ဖျက်မှုတဲ့၊ နိုင်ငံရေးအကျဉ်းသားတွေ မကြာခဏ အရေးယူခံရလေ့ရှိပါတယ်။

သူတို့တတွေ အနံ့တဟောင်းဟောင်းထနေတဲ့ မစင်လောက်တက်ရည်အပြည့် ဂန်ဖလားရယ်၊ လောက်တွေရယ်၊ တရားထိုင်နေတဲ့ စပ်စုရယ်ကို အကြာကြီးလေ့လာနေကြပုံ ရပါတယ်။ တီးတိုးပြောဆိုတိုင်ပင်သံတွေလဲ မကြားတချက် ကြားတချက်ပါ။ နောက်မှ “ ဖြူဝင်း၊ လိမ်လိမ်မာမာနေ- မိလ္လာချခွင့်ပေးမယ်” ဆိုတဲ့ ထောင်ပိုင်ကြီး အသံကိုကြားရပါတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ အားလုံးခပ်လှမ်းလှမ်းကနေ ကြည့်နေကြတာ တွေ့ရပါတယ်။ တယောက်မှ အနားမကပ်ကြပါ။ ယူနီဖေါင်းအပြည့်နဲ့ ရှိုးစမိုးတွေ မစင်လောက်တက်ရည် နံစော်စော်ကိုတော့ ကြောက်ကြပုံရပါတယ်။ ကြိုတင်တွေးထားတဲ့အတိုင်း “မင်းတို့လူမဆန်တဲ့ကောင်တွေဘဲ” လို့ပြန်ပြောမယ် စိတ်ထဲက ဖြစ်လိုက်သေးပေမဲ့ ထောင်ဆရာဝန်ရဲ့ မျက်စိ တဖက်မှိတ်ပြလိုက်တာကိုတွေ့လိုက်တော့ ဘာမှပြန်ပြောမနေတော့ဘဲ မျက်စိပြန်မှိတ် မျက်လွှာပြန်ချပြီး တရားမှတ်မြဲ မှတ်နေလိုက်ပါတယ်။ နောက် တနာရီလောက်အကြာ၊ ထောင်ပိုင် အလှည့်အပြီးမှာတော့ စပ်စုရေချိုးခွင့် မိလ္လာချခွင့် ပြန်ရပါတယ်။ ခြေကျဉ်းနဲ့ဒေါက်ကိုတော့ ဖြုတ်မပေးကြပါဘူး။



ထောင်ဝင်စာပိတ်ခံထားရတဲ့ အဲ့ဒီ ၃-လအတွင်းမှာတော့ စပ်စု တော်တော်လေး အပိုးကျိုးသွားပါတယ်။ အဆောင်မှာနေရစဉ် ဦးနေ၀င်းအမျိုးလို့ ဆိုတဲ့ ပေါင်းတလည်က ထောင်ကျအဘိုးကြီးတဦးက နေလည်၁၂-နာရီကျော်ကျော်မှာ ဥပုသ်သည်စပ်စုဆီ သကြားလာတောင်းလို့ ဒေါသထွက်မိတာကို ကိုယ်တိုင် ထောင်ဝင်စာပိတ်ခံရတဲ့ အချိန်မှာတော့ နောင်တရ, ရပါပြီ။ ထောင်ပုံစံ စပါးလုံး, ကျောက်ခဲ ရောရာ မာဆတ်ဆတ်ထမင်းနဲ့ တီကောင်၊ မြက် နဲ့ ထူးထူးဆန်းဆန်း အရွက်ပေါင်းစုံ ပစ္စည်းပေါင်းစုံပါ အဆစ်ပါလာတတ်တဲ့ တာတပေါဟင်း၊ ပဲဟင်း အရည်ကြဲတွေကိုလဲ ဇွတ်မှိတ်မျိုချနိုင်ရဲတဲ့သတ်္တိတွေ စပ်စုမှာရှိနေပါပြီ။ ဘယ်လိုမှ ဇွတ်မှိတ်နိုင်စွမ်းမရှိတော့တဲ့အချိန်မှာ သောက်ရေအေးတခွက်ကိုလဲ ဟင်းချိုပူပူအမှတ်နဲ့ စပ်စုထမင်းစားတတ်ခဲ့ပါပြီ။ အဲ့ဒီတုံးက အနူရောဂါသည် တက်ပု စပ်စုကို သနားလို့ဆိုပြီး မျှားပြီးချက်ကျွေးဘူးတဲ့ လျှို့ဝှက်ငါးဟင်းအရသာကိုလည်း အခုထိ မကြာမကြာ အမှတ်ရမိနေဆဲပါ။

အပြစ်ဒဏ် ၃-လပြည့်တော့ စပ်စု ထောင်ဝင်စာပြန်တွေ့ခွင့်ရပါတယ်။ လက်ပါးနဲ့အရူးတိုက် အခန်းနံပါတ်၂-( စိုးမြင့်နဲ့ကပ်လျက်အခန်း) မှာဘဲ ပြောင်းနေရပါတယ်။ အဲ့ဒီအခန်းဟာ စပ်စုအတွက်တော့ မှတ်မှတ်ရရတွေ အတော်များပါတယ်။ ဓမ္မကဗျာပေါင်း ၇၀-ကျော် ၈၀-အဲ့ဒီအခန်းမှာ နှုတ်နဲ့စပ်ဆိုနိုင်ခဲ့ပါတယ်။ ၀ိပဿနာဆိုင်ရာ ဖြစ်တဲ့ “ဗုဒ္ဓမြတ်စွာဘုရား၏ စက်ြဝဠာတခုလုံးဆိုင်ရာ ရုပ်,နာမ်,နိဗ္ဗာန် သီအိုရီ” ကဗျာရှည်ကြီးကိုလည်း အဲ့ဒီအခန်းမှာဘဲ စပ်ဆိုနိုင်ခဲ့ပါတယ်။ နောင်ဘောပင်တချောင်းရတော့ အင်္ကျီအဖြူကို ပြောင်းပြန်လှန်ပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ မှတ်မိသမျှ ဒီကဗျာတွေကို စုပေါင်းပြီး မကြာခင်မှာ “မွန်မြတ်ရတနာ ဓမ္မကဗျာများ” စာအုပ် Online က ဓမ္မဒါန ဖြန့်ချိပါမယ်။

အဲ့ဒီအခန်းမှာဘဲ ကျေးဇူးတော်ရှင် တောင်စွန်းဆရာတော်ကြီး ဧတဒဂ်ရှင်ပညာဇောတ ရဲ့ ဗုဒ္ဓဓမ္မပြဿနာများ စာအုပ်အပါအ၀င် စာအုပ်တော်တော်များများလဲ လျှို့ဝှက် ဖတ်ခွင့်ရခဲ့ပါတယ်။ ပရိတ်ကြီး ၁၁-သုတ်၊ ဓမ္မစကြ်ာ၊ အနတ္တလက္ခဏသုတ်အပါအ၀င်၊ ပါဠိ မြန်မာ အင်္ဂလိပ် စာပေါင်းများစွာ ဖတ်ရှု့လေ့လာခွင့်ရယုံမက အလွတ်ကျက်မှတ်ပြန်အံနိုင်သည်အထိ စပ်စု “ကိုယ့်လူ့အခွင့်အရေးကို ကိုယ်တိုင်ရယူ” နိုင်ခဲ့ပါတယ်။ အဲ့ဒီတုံးက ကူညီခဲ့သူ အပေါင်းကိုလည်း တသက်တာ ကျေးဇူးရှင်များအဖြစ် စပ်စု ဒီဆောင်းပါးကနေ မေတ္တာပို့သပါတယ်။ အထူးသဖြင့်တော့ “ကိုယ့်ခေါင်းထဲမှာရှိတာမှ ကိုယ့်စာ” ဆိုပြီး မင်္ဂလာဗျူဟာ ပိဋက ၃-ပုံ ပဒေသာ ဆရာဖြစ်သင်တန်း ၆-နှစ်ကျော်ကြာ တက်ရောက်ဆည်းပူးခဲ့စဉ်မှာ ကျေးဇူးတော်ရှင် ဖျာပုံတိုက်သစ်ဆရာတော်ကြီးရဲ့ဆုံးမမှု အနန္တကျေးဇူးတော်ပါဘဲ။ “ကျက်အံကြံကြည့်” ခဲ့လို့ ခေါင်းထဲမှာ အမြဲရှိနေတဲ့တရားဓမ္မက အခုလို လိုသလိုစာဖတ်ခွင့်မရှိတဲ့ စပ်စုကို ဘယ်လိုနေ ဘယ်လိုပြော ဘာကိုလုပ် လို့ အမြဲညွှန်ပြပေးခဲ့ပါတယ်။ ဘုရား တရား သံဃာ မိဘ ဆရာ ကျေးဇူးတွေနဲ့ စပ်စုတယောက် ထောင်တွေထဲမှာ ထောင်သင့်တာထောင်၊ ကျသင့်တာကျနိုင်ခဲ့တာပါ။

နောက်ထူးခြားမှုတခုကတော့ နှစ် ၂၀၀-ပြက္ခဒိန်ပါဘဲ။ ထောင်တွေထဲက တိုက်တွေထဲ တိုက်ပိတ်နေရသူတွေဟာ နံရံတွေပေါ်မှာ ဟိုရေးဒီခြစ် လုပ်လေ့ရှိပါတယ်။ တပါးသူရေးထားတာတွေလဲ အလွတ်ရသည်အထိ အကြိမ်ကြိမ်ဖတ်ကြတာပါဘဲ။ ဒီလိုနဲ့ စာဖတ်ခွင့်ပိတ်ပင်မှုကိုဆန့်ကျင် တော်လှန်ကြတာပါ။ ဆင်ကြီးကို သဲတပွင့်နဲ့ ပစ်တာပါ။ ဒါပေမဲ့ တခါတခါ ဒီသဲတပွင့်က ဆင်ကြီးရဲ့ မျက်လုံးထဲဝင်သွားရင် ဆင်ကြီးပြာပြာသလဲ ယောက်ယက်ခတ်သွားတတ်မြဲပါ။ စပ်စု အခုနေရတဲ့ တိုက်ခန်းနံရံမှာ အရင်နေသွားသူ တယောက်ယောက်က ပြက္ခဒိန်လေးတခု မီးသွေးခဲနဲ့ မှိန်မှိန်ရေးထားခဲ့ပါတယ်။ ရိုးရိုးသားသား ပြက္ခဒိန်ပါ။ ဘာဆန့်ကျင်မှု ဘာလျှို့ဝှက်မှု မှ မပါ ပါဘူး။ ဒါကိုတနေ့မှာ ၀န်ထမ်းတဦးက တွေ့သွားပြီး ဘာမပြော ညာမပြော ထုံးဖြူဖြူ ကွက်သုတ်ပြီး လာဖျက်သွားပါတယ်။ စပ်စုစိတ်ထဲမှာတော့ မကြည်လင်ပါဘူး။ မကျေညက်ပါဘူး။

တနေ့မှာတော့ ငယ်စဉ်က ကျက်ထားတဲ့ ကဗျာလေးတပုဒ်ထဲက မှတ်မိသမျှ စာသားလေးတွေ ပြန်ဆိုကြည့်မိပါတယ်။ “မှတ်စရာ နောင်လာများ၊ ထောင်ရာအား ချန်ပါ။ ဆောင်ကာထား ကျန်နှစ်ဖြာကို၊ မှန်မကွာ ၄-ခုနဲ့စား၊ -----၊ သိလိုရက်ဖြည့်စွက်ကာရယ်၊ စားသတ္တာ ဆပွားလို့၊-----၊ ရက်ထပ်နှစ်သိလိုပါရင်၊----။” အကုန်မမှတ်မိတော့ပေမဲ့ ခုနှစ်, လ, ရက် ကနေ နေ့ကိုတွက်ယူနိုင်တဲ့ ပြက်္ခဒိန် ကဗျာလေးပါ။ ဒီကဗျာလေးကို အခြေခံပြီး “တက်ပု” ကောက်ရလာတဲ့ ရှေးခေတ်ကျောက်တံကြီး တချောင်းနဲ့ ကြမ်းပြင်မှာ ပြက္ခဒိန် ဖေါ်မြူလာ တွက်ထုတ်ကြည့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ “ဖေဖ၀ါရီ ၁၃-မှာ၊ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅-ရှေ့နေ ဦးဖါသား၊” စနေနေ့ရယ်။ ၁၉၄၇-ဇူလိုင်၁၉ရက် စနေနေ့ရယ်။ စပ်စုရဲ့မွေးနေ့ ၁၉၅၂ စက်တင်ဘာလ ၁၃-ရက်၊ စနေနေ့ရယ်။ စပ်စုရဲ့ သားသမီး ၃-ယောက် မွေးနေ့တွေရယ် ပေါင်းစပ်လိုက်တော့ ပြက္ခဒိန် ဖေါ်မြူလာ တခုရပါတယ်။ တွေ့သမျှ မွေးသက္ကရာဇ်မေးပြီး တွက်ချက်ကြည့်တော့ အဖြေမှန် အမြဲရနေရော။ ဒါကိုကြမ်းပြင်ပေါ်မှာဘဲ ဒီဇိုင်းဆွဲ။ နောက်တော့ ဘီစကွပ်မုံ့ထုတ် အောက်ခံကဒ်ပြားတခုမှာ ရေးခြစ်ဖြတ်တောက် ဖေါက်ထုတ်လျော်တိုက် စမ်းသပ်ကြည့်တော့ AD ၁၉၀၀ ကနေ AD ၂၀၀၀ အထိကြည့်လို့ရတဲ့ အိတ်ဆောင် နှစ် ၁၀၀-ပြက္ခဒိန်လေးတခုဖြစ်လာပါတယ်။ အင်းစိန်ထောင်ပြန်ရောက်တော့ ဖြစ်နိုင်ခြေ ဒီဇိုင်းအမျိုးမျိုး လျှို့ဝှက်ကြံစည်ရေးဆွဲပုံစံထုတ်နိုင်ခဲ့ပါတယ်။ ထောင်ကလွတ် ကျူရှင်လုပ်ငန်းပြန်လုပ်၊ ၁၀-တန်း English စာမှာ Calendar ဆိုတာပြဋ္ဌာန်း တော့ နှစ်၁၀၀ ကနေ နှစ် ၂၀၀ ပြက္ခဒိန် ဖြစ်လာပါတယ်။ စပ်စုရဲ့ ၄-လက်မခွဲ x ၃-လက်မ ကဒ်ပြား ၂ချပ်သာ ပါတဲ့ နှစ် ၂၀၀-ပြက္ခဒိန် သင်ထောက်ကူဟာ အဲ့ဒီလို သာယာဝတီထောင် အင်းစိန်ထောင် ကနေ စတင်ပေါက်ဖွားခဲ့တာပါ။

မြန်မာပြည်အနှံ့ ဖြန်ချိနိုင်ခဲ့ပြီး အခု အိန်္ဒိယကတဆင့် ကမ္ဘာကိုဖြန့်ဘို့ အဆင်သင့်ဖြစ်နေပါပြီ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့် အပါအ၀င် ကမ္ဘာ့ပြည်သူအားလုံး အတိတ် ပစ္စုပ္ပန် အနာဂတ် အချိန်တွေကို လွတ်လွတ်လပ်လပ် သိပိုင်ခွင့်။ ပြက်္ခဒိန်လူ့အခွင့်ရေးလှုပ်ရှားမှုတခုပါ။ စပ်စုအနေနဲ့တော့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်အထိမ်းအမှတ် စာကြည့်တိုက်တွေ တည်ထောင်ဘို့ ရန်ပုံငွေရှာရာမှာ ဒီပြက္ခဒိန်လေးတွေ ရောင်းချဖြန့်ချိနေပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကြိုးပမ်းမှု ရန်ပုံငွေရနိုင်ဘို့ ဒီနှစ်၂၀၀-ပြက္ခဒိန်လေးတွေကို အသုံးပြုချင်တယ်ဆိုရင် လိုအပ်တဲ့ ဒီဇိုင်းလုပ်အားဒါနကူညီဖို့အစဉ်သင့်ပါဘဲ။ uphyuwin@yahoo.com ကိုဆက်သွယ်နိုင်ပါတယ်။ နှစ်ပေါင်းရာနဲ့ ထောင်နဲ့ချီပြီး သုံးနိုင်တဲ့ ပြက္ခဒိန်ဒီဇိုင်းတမျိုး ကမ္ဘာ့ပြည်သူတွေကို ပေးအပ်နိုင်အောင် ပြက္ခဒိန်လူ့အခွင့်အရေးကို ပိတ်ပင်ခဲ့တဲ့ သာယာဝတီထောင် အင်းစိန်ထောင်နဲ့ န၀တ, နအဖ တို့ကိုလဲ စပ်စုက ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီဆောင်းပါးက တဆင့် အသိပေးပါရစေ။

ဒီလိုနဲ့ သာယာဝတီထောင် လက်ပါးနဲ့အရူးတိုက်မှာ စာအုပ်တွေဖတ်၊ ကဗျာတွေရေး တီထွင်မှုတွေလုပ်နေတဲ့ စပ်စုတယောက် ထောင်တွင်းဖေါက်ခွဲမှုတခုပြုလုပ်လိုက်ပြန်ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ အလုပ်မလုပ်ရေး အစာငတ်ခံဆန္ဒပြကြရာမှာ စပ်စုကို ညစာမစားလို့ စာရင်းထည့်ထားပုံရပါတယ်။ ထောင်မှာလုပ်တဲ့ (Strike) မှန်သမျှ ထောင်အာဏာပိုင်တွေက အထက်ကို အစီရင်ခံရလေ့ရှိတော့ ၁၀-ပါးသီလ ဥပုသ်သည် စပ်စုက ရူးလဲရူးမသွား၊ သပိတ်လဲ မလှန်သေးနဲ့ သူတို့အတွက် ကိုးလိုးကန့်လန့်ကြာရှည်ဖြစ်နေပုံရပါတယ်။ “ရောင်ချင်ယောင်ဆူး ရူးချင်ယောင်ဆောင်” လူလည်ကျနေတာဘဲဆိုပြီးမကျေမနပ်ဖြစ်လာကြပါတယ်။ တနေ့မှာ တရားစာအုပ်တအုပ် တိုက်ခန်းတွင်းမှာ လျှို့ဝှက်ဖတ်နေတုံး ထောင်မှူးကြီးက စာအုပ်ကို လာသိမ်းသွားပါတယ်။ ထောင်ဆရာဝန်တွေအပါအ၀င် ပတ်သက်သူမှန်သမျှကိုလဲ ကြိမ်းမောင်းပြီးအရေးယူမယ်လဲ လုပ်လာပါတယ်။ အဲ့ဒီမှာ စပ်စု ဒေါသတွေ ပေါက်ကွဲပြီး ပလတ်စတစ်ဗူးထဲကို ထန်းလျက်ရယ်၊ ဆပ်ပြာရယ်၊ သကြားရယ် အချိုမှုန့်ရယ်ထည့်၊ တစုံတရာလုပ်ပြီး တိုက်နံရံကို ဖေါက်ခွဲလိုက်ပါတယ်။

မကြာခင်မှာဘဲ ၂-ပေ ပတ်လည်အပေါက်ကြီးဖြစ်ပြီး အုတ်ကျိုးအုတ်ပဲ့တွေ၊ ထောင်ဝင်စာ အစားအစာတွေ ပြန့်ကြဲနေတဲ့ စပ်စုအခန်းကို ထောင်ပိုင်ကြီး၊ ထောင်မှူးကြီး၊ ထောင်မှူးတွေနဲ့ ထောင်ဝန်ထမ်းတွေ အပြေးအလွှားရောက်ရှိလာကြပါတယ်။ “ထောင်ဖေါက် ထောင်ပြေး” အရေးပေါ် သံချောင်းခေါက် အချက်ပေးသံကြောင့် လက်နက်ကိုယ်စီနဲ့ ရောက်လာကြတာပါ။ စပ်စုလက်ထဲမှာလဲ ပလတ်စတစ်ဗူး တဘူးနဲ့ သူတို့ရှေ့မှာဘဲ ဗူးထဲကို ထန်းလျှက်ခဲတွေ ဆပ်ပြာခဲတွေ ထည့်ပြ၊ ဗူးကိုလုံအောင်ပိတ်ပြီး အဆက်မပြတ်လှုပ်ပြနေလိုက်ပါတယ်။ “အအေးဖေါက်နည်းနဲ့ ဖေါက်ခွဲတာ၊ ငါက ဖုန်းမော်လို ဓါတုအင်ဂျင်နီယာ ကွ၊ ငါနဲ့အတူ သေချင်တဲ့အကောင် အခန်းတံခါးဖွင့်ပြီးဝင်ခဲ့လေကွာ” လို့ပြောပြီး ခပ်တည်တည်လုပ်နေလိုက်ပါတယ်။ အတော်ကြီးကြာမှ ထောင်ပိုင်ကြီးရှေ့ကိုတိုးလာပြီး “ဖြူဝင်း မင်းဘာမကျေနပ်တာလဲ၊ ဒီမှာ အကုန်လုံး ကျိုးပဲ့ကုန်ပြီ၊ အခန်းအပြင်မှာ အေးအေးဆေးဆေး တို့ညှိနှိုင်းရအောင်ကွာ” လို့ဆိုလာပါတယ်။

စပ်စု စိတ်ထဲမှာ မယုံကြည်ပေမဲ့ မကြာခင် သူတို့ အခန်းတံခါးဖွင့်ပြီး ငါ့ကို အပြတ်ရှင်းတော့မှာဘဲ မထူးပါဘူးဆိုပြီး အခန်းပြင်ထွက်ဘို့ သဘောတူလိုက်ပါတယ်။ လက်ထဲမှာတော့ ပလတ်စတစ်ဗူးကို လှုပ်လျက်ပါဘဲ။ ဆရာစံအခန်း (တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင် ဂဠုန်ဆရာစံ နေခဲ့ရတဲ့အခန်း၊ ဆရာစံပုံတူ ပန်းချီကားကြီးရှိသေးပေမဲ့ ဓါတ်ဆီပီပါပုံးတွေ၊ တိုလီမိုလီ ပစ္စည်းတွေနဲ့ စတိုခန်းလုပ်ထားသည်။) ကိုလှမ်းမြင်ရတဲ့ နားရောက်တော့ စပ်စုလက်ထဲက ပလတ်စတစ်ဗူး ချော်ပြီး မတော်တဆကျမလို ဖြစ်သွားပါတယ်။ “အမယ်လေးဗျ” လို့ စပ်စု အသံကြောင်ကြောင်နဲ့ ပေါက်ကွဲမှုဖြစ်တော့မလိုလို အော်လိုက်တော့ အနားမှာခြံလိုက်လာတဲ့ ၀န်ထမ်းတွေလဲ လန့်ပြီးပြေးကြပါတယ်။ ရီချင်တဲ့စိတ်ကိုအောင့်ပြီး နံဘေးကို အကဲခတ်လိုက်တော့ မဲ့ပြုံးပြုံးနေတဲ့ ထောင်မှူးကြီး။ ဘီယာဗိုက်ကြီးရှေ့ထွက်လို့။ ဒီဖြစ်ပျက်ပုံတွေကိုခပ်ဝေးဝေးတိုက်ခန်းတွေကနေလေ့လာပြီး စပ်စုကို လက်ပြအားပေးသူတွေကတော့ ရခိုင်ပြည်နယ်က ၈-၄ လုံးခေါင်းဆောင်တွေပါဘဲ။ အဲ့ဒီတုံးက သူတို့လဲတောင်းဆိုချက်တွေနဲ့ အစာငတ်ခံဆန္ဒပြနေကြပါတယ်။

ဒီလိုနဲ့ ပေ ၂၀-ပတ်လည် အခန်းတခုထဲရောက်၊ ပုံစံထိုင်ဘို့ငြင်းဆိုတဲ့ စပ်စုတယောက်ထဲကို ဖိုင်ဖါဒုတ်တွေနဲ့ ယူနီဖေါင်းဝတ် ၀န်ထမ်း ၂၀-၃၀ က၀ိုင်းရိုက်ကြတော့တာဘဲ။ တယောက်က စပ်စုမျက်မှန်ကို အရင်ချွတ်၊ ကျန်တယောက်က ထန်းလျက်ဗူးကို အရင်လှမ်းလုလိုက်သေးတယ်လို့လဲ သူတို့ပြန်ပြောပြကြပါတယ်။ အလွယ်တကူ အရှုံးပေးလိမ့်မယ် ထင်ထားကြပေမဲ့ စပ်စုက ပြန်ခုခံတာရယ်၊ အခန်းကကျဉ်း လူကများ နေတာရယ်၊ “ခေါင်းကိုမရိုက်နဲ့ ခေါင်းကိုမရိုက်နဲ့” လို့ ထောင်မှူးကြီးက ဟန့်နေတာရယ်ကြောင့် ဒီရိုက်ပွဲဟာ မကြာသင့်ဘဲ ကြာသွားပါတယ်။ နောက်ဆုံး ဖူးယောင်ကွဲပြဲ လဲနေတဲ့ စပ်စုကို စစ်ဖိနပ်တွေနဲ့ တက်နင်း လက်ထိပ်ကို လက်နောက်ပြန် ခတ်ပြီး ဆရာစံ တော်လှန်ရေးတုံးက ကြိုးအပေးခံ ဂဠုန်ခေါင်းဆောင်တွေ နေခဲ့ရဘူးတဲ့ အသုံးမပြုဘဲ ပစ်ထားတဲ့ ဆရာစံအခန်းဘေး ကပ်ရက် အခန်းကိုခေါ်သွားကြပါတယ်။ ဖူးယောင်နေပြီဖြစ်တဲ့မျက်စိက ဆရာစံပုံတူ ပန်းချီကားကြီးကို အနီးကပ်တွေ့လိုက်ရတော့ “တန်တယ်ကွာ” လို့ အသံထွက်ပြောလိုက်ပါသေးတယ်။ ဘာကြောင့်ဆို အဲ့ဒီ ဆရာစံအခန်းကို ဓါတ်ဆီသိုလှောင်ခန်း လုပ်ထားလို့ ဘယ်အကျဉ်းသားမှ အနားကပ်ခွင့် မရလို့ပါဘဲ။ ထောင်ဝင်စာတွေ့တိုင်း အဝေးကသာလှမ်းမြင်ရပြီး အနီးကပ်လေ့လာချင်စိတ်တွေ စပ်စုပေါ်ခဲ့ဘူးလို့ပါ။

ထောင်ဆရာဝန်က ဒဏ်ရာတွေကိုလာစစ်ဆေး၊ မှတ်တမ်းတင်၊ အကိုက်အခဲပျောက်ဆေးနဲ့ အိပ်ဆေးကိုသာထိုးပေးအပြီးမှာတော့ စပ်စု သတိရတချက် မရတချက်ပါ။ နောက်ဆုံးမှတ်မိလိုက်တာတော့ ဖုံလက်လေးသစ်ထူတဲ့ ကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ်လဲ ပါးတဖက်ကြမ်းပြင်ပေါ်မှာအပ်ရင်း အသက်တခါရှုသွင်းလိုက်တိုင်း ဖုံတန်းကြီး နှာခေါင်းထဲဝင်သွားတာ၊ ပြန်ရှုထုတ်လိုက်တိုင်း ဖုံတန်းကြီး နှာခေါင်းထဲက ပြန်ထွက်သွားတာကိုပါဘဲ။ ၂၄-နာရီကျော် မေ့မျောအိပ်ပျော်နေရာက နောက်တနေ့ညနေ စပ်စု သတိရနိုးလာချိန်မှာတော့ ထောင်ဆရာဝန်က ဒဏ်ရာတွေ အဖူးအယောင်တွေကို ထပ်ပြီးစစ်ပါတယ်။ ထမင်စားဘို့ ပဲဟင်း ၀က်သားတတုံးနဲ့ ထမင်းတပန်းကန် ထိုးပေးပေမဲ့ စပ်စုငြင်းလိုက်တော့ သူတို့အံ့သြသွားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း၊ ကိုယ်တိုင် မလွတ်မချင်း ၁၀-ပါးသီလနဲ့ ဥပုသ်စေါင့်မယ်ဆိုတဲ့ “ဥပုသ် Strike” ကို စပ်စု မလှန်သေးပါဘူး။ သတိရဆဲပါ။ ဒီလိုအချိန်မှာ သေအောင်ရိုက်ပြီးမှ ၀က်သားတတုံးနဲ့ လူတယောက်ရဲ့ ခံယူချက်ကို ပြောင်းခိုင်းဘို့ ကြိုးစားတာ အံ့သြစရာပါဘဲ။

အဲ့ဒီညနေမှာဘဲ ပေ ၄၀-ပတ်လည်အခန်းကျယ်ကြီးတခုထဲ ပြောင်းထားပါတယ်။ ထောင်ကျ ရဲမှူးတဦး၊ ရဲတပ်သားတဦး နဲ့ စပ်စု၊ ပေါင်း၃- ဦးထဲနေရပါတယ်။ အင်္ဂလိပ်ခေတ် ထောင်ကျအရာရှိကြီးတွေနဲ့ ပုဒ်မ၅-A Class တွေထားတဲ့ အခန်းလို့ သိရပါတယ်။ ကျောက်ပြားနီနီတွေနဲ့ မီးဖိုခန်း၊ အိမ်သာ၊ ရေချိုးခန်းတွေပါ ပါတဲ့အခန်းပါ။ စပ်စုကိုခြေချဉ်းခတ်၊ ဒေါက်ခတ်၊ ထောင်ဝင်စာပိတ်ထားပြီး နောက်မှုထပ်တိုးမယ်လို့ သိရပါတယ်။

နောက် ၁၀-ရက်လောက်ကြာတော့ ထောင်ဝင်စာလာတွေ့တဲ့ စပ်စုရဲ့ ပါရမီဖြည့်ဖက် ““ခင်ကန့်လန့်”” ( စပ်စုရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာရော၊ အာဏာပိုင်တွေရဲ့ အချိုးမကျမှုတွေမှာပါ ဇိုးဇိုးဇတ်ဇတ် ထစ်ကနဲဆို ဗြစ်ကနဲ ကန့်လန့်လုပ်တတ်၊ ရန်တွေ့တတ်တဲ့ ပိုးကရင် ရာနှုန်းပြည့် မြစ်ဝကျွန်းပေါ် သူပါ။) သာယာဝတီထောင်ကို ကလေး ၂-ယောက်နဲ့ ရောက်နေပြီဆိုတာ စပ်စုဆီ သတင်းရောက်လာပါတယ်။ တော်တော်ကြီး အချိန်နှောင်းတော့ ထောင်မှူးတယောက်လာခေါ်တာနဲ့ ထောင်ပိုင်ကြီးအခန်းကို လိုက်သွားရပါတယ်။ လိမ်လိမ်မာမာနေ ထောင်ဝင်စာတွေ့ခွင့်ပေးမယ် ဆိုပြီး မိုးချုပ်တန်းပိတ်ခါနီးမှာ ထောင်ဝင်စာတွေ့ခွင့်ရပါတယ်။ ထောင်ကလွတ်လို့ အဲ့ဒီကိစ္စ ပြန်ပြောကြတော့ စပ်စုဇနီးသည် ခင်ကန့်လန့် က “စပ်စုသေပြီ၊ ရူးပြီးဆိုလို့ ထောင်ပိုင်ကြီးဆီ တက်တွေ့ကြောင်း၊ မသေသေးဘူးဆိုရင် သေချာသွားအောင် အနည်းဆုံး အပေါက်သေးသေးတပေါက်ကနေ ချောင်းကြည့်ခွင့်ပြုဘို့တောင်းဆိုကြောင်း၊ စပ်စုမှာ အပြစ်ရှိလို့ ထောင်ဝင်စာတွေ့ခွင့်မပေးဘူးဆိုပေမဲ့ သူနဲ့ကလေး၂-ယောက်မှာ အပြစ်မရှိလို့၊ ထောင်ကကြိုတင် အကြောင်းမကြားလို့ တွေ့ခွင့်မရရင် မပြန်နိုင်ဘူးဆိုပြီး ဆန္ဒပြနေခဲ့ကြောင်း၊ နို့စို့သမီးငယ်ကို နို့လှန်တိုက်ရင်း ကန့်လန့်လုပ်တောင်းဆိုနေလို့ နောက်ဆုံးတန်းပိတ်ခါနီးမှ ထောင်ပိုင်ကြီးက ကိုဖြူဝင်းကို ဖြောင်းဖြပေးရင် တွေ့ခွင့်ပြုမယ် ဆိုတာနဲ့ ထူးထူးခြားခြားထောင်ဝင်စာ တွေ့ခွင့်ရခဲ့တာဖြစ်ကြောင်း” ရှင်းပြပါတယ်။

ဒီလိုနဲ့စပ်စု လက်ပါးနဲ့အရူးတိုက် အခန်းနံပါတ် ၂-ကိုပြန်ရောက်။ နဂိုလ်လိုဘဲ ခြေကျဉ်းတန်းလန်း၊ ဒေါက်တန်းလန်း၊ လနဲ့ချီ ရေချိုးမချလို့ တကိုယ်လုံး ညစ်ပတ်နံစော်၊ ဆံပင်တွေဂုတ်ဝဲ၊ ခေါင်းသန်း ကိုယ်သန်းတွေနဲ့ နူလုလု ရူးလုလု စိတ်ကြမ်းတွေဝင်တဲ့အခါဝင်နဲ့ စိတ္တဇနေ့နဲ့ညများကို ကျော်ဖြတ်နေရတဲ့ အချိန် တနေ့မှာ ရန်ကုန်စိတ္တဇဆေးရုံ(စိတ်ရောဂါကုဆေးရုံ)က ပါရဂူကြီး ၂-ယောက် သာယာဝတီထောင်ကို ရောက်လာပြီဆိုတာသိရပါတယ်။ စပ်စုတကယ်ရူး မရူး စစ်ဘို့လာကြတာလို့လဲ ပြောကြပါတယ်။

နံနက် ၁၁နာရီခွဲလောက်မှာ စိတ္တဇဆေးရုံ ပါရဂူကြီး ၂-ယောက်နဲ့ အစစ်ဆေးခံဘို့ဆိုပြီး စပ်စုကို ခေါ်ထုတ်သွားကြပါတယ်။ ရေချိုးကန် တကန်နားရောက်တော့ အ၀တ်လျော်ဆပ်ပြာအညံ့စားတတုံးပေးပြီး ရေချိုးခိုင်းပါတယ်။ အ၀တ်လျော်ဆပ်ပြာတုံးကို လွှတ်ပစ်လိုက်ပြီး (ထောင်ထဲမှာ မကောင်းတဲ့ဆပ်ပြာတွေကြောင့် ယားနာပေါက်ပြီး ကထဲက ၂၀၀၉ခု အခုထိ အိမ်သာတက်ပြီးမှတပါး မည်သည့်ဆပ်ပြာမှ အသုံးမပြုတော့ပါ။ ရေချိုးရင်ဆပ်ပြာ မတိုက်တော့ပါ။ ထောင်ထဲကနည်းအတိုင်း အခုချိန်အထိ ရေနဲ့သာချေးတွန်းပါတယ်။ တော်တော်ကြောင်တဲ့ ဓါတုအင်ဂျင်နီယာ လို့ ၀န်ခံပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မည်သည့်အကျဉ်းသားမဆို ရေချိုးရင် ပန်းကန်ပြားနဲ့မဟုတ်ဘဲ ရေချိုးခွက်နဲ့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ကိုယ်တိုက်ဆပ်ပြာနဲ့ ရေချိုးခွင့်မရှိသရွေ့ ဒီလိုဘဲ ရေချိုးရင် ဆပ်ပြာမသုံးဘို့ ဆုံးဖြတ်ထားပါတယ်။) ရေလဲပုဆိုးမပါလို့ အခက်တွေ့နေတုံးမှာ အဝေးကနေ ပြန့်လွင့်လာတဲ့ သီချင်းသံကြားရပါတယ်။ နားဆိုက်ထောင်လိုက်တော့ ချိုပြုံးရဲ့ “ဝေးတမြေခြားသူ”= "

ပိတောက်တွေကြွေရာမြေ
"သီချင်းပါ။ ဒီသီချင်းအပါအ၀င် သီချင်းတွေကို သာယာဝတီထောင်နားဝန်းကျင်က သင်္ကြန်းနားနီးချိန်ကစပြီး မိုးဖြိုင်ဖြိုင်ကျတဲ့အထိ ထောင်ဘက်ကို လော်စပီကာ အော်လံတွေလှည့်ပြီး ထောင်ထဲကကြားနိုင်အောင် ခဏခဏ ဖွင့်ပေးလွှင့်ပေးလေ့ရှိပါတယ်။

စပ်စုတို့ လက်ပါးနဲ့အရူးတိုက်သားတွေ ဆိုဆိုနေကြတာသာကြားဘူးပေမဲ့ စပ်စုကတော့ တိုက်ပိတ် အပြင်ထွက်ရခဲလို့ လော်စပီကာကလာတဲ့အသံကို တိုက်ရိုက် သဲသဲကွဲကွဲ တခါမှ မကြားဘူးပါ။ အခုရေချိုးခါနီး ဝေးပေမဲ့ သဲသဲကွဲကွဲကြားရတော့ စပ်စုစိတ်တွေ မင်တက်မိသွားရပါပြီ။ ရေချိုးပန်းကန်ပြား(ထမင်းစာတဲ့ဒန်ပန်းကန်ပြား) ကိုကိုင်ပြီး သီချင်းကိုဘဲ နားစိုက်ထောင်နေမိပါတယ်။

“နောင်လဲတွေ့နိုင်ပါသလေ ပိတောက်တွေရွှေရည်လူး ဖူးပွင့်ရာမြေ ကြည်နူးရည်စူး မိပါသလေ--ဝေးတမြေခြားသူ မောင်ရေ-”http://www.facebook.com/#!/video/video.php?v=497295887725&oid=115106495210830&comments

သီချင်းတကျော့ဆုံးသွားလို့ တီးလုံးလာနေချိန်မှာ ၀တ်ထားတဲ့ပုဆိုးဝတ်လျက်နဲ့ဘဲ ပန်းကန်ပြားနဲ့ရေကိုလှမ်းခပ်ပြီး ၃, ၄-ခွက်ချိုးလိုက်ပါတယ်။ စိတ်အစဉ်တခုလုံးကတော့ အဲ့ဒီသီချင်းဆီမှာပါဘဲ။ “နောင်လဲတွေ့နိုင်ပါသလေ ပိတောက်တွေရွှေရည်လူး ဖူးပွင့်ရာမြေ”။ မိသားစု၊ ဆရာ,မိဘ, မိတ်ဆွေတွေနဲ့ပြန်ဆုံတွေ့နိုင်ဘို့ အရေးကြီးကြောင်း ဝေးတမြေခြားသူ သီချင်းက စပ်စုကို ဖြောင့်ဖြလိုက်ပါပြီ။

စိတ်ရောကိုယ်ပါ နူးညံ့ပျော့ပြောင်းစ ပြုနေပြီဖြစ်တဲ့ စပ်စု၊ စိတ်ရောဂါကု ပါရဂူကြီး ၂-ယောက်နဲ့ထောင်မှူးကြီးရှေ့ အဆင်သင့်ပြင်ထားတဲ့ ကုလားထိုင်မှာ ၀င်ထိုင်ရပါတယ်။ အားလုံးက စပ်စုကို ပြုံးပြုံးရွှင်ရွှင် ယဉ်ယဉ်ကျေးကျေးဘဲ နှုတ်ဆက်ကြပါတယ်။ စပ်စုရှေ့ စားပွဲပေါ်မှာတော့ မုံ့မျိုးစုံ ၄,၅-ပန်းကန်တွေ့ရပြီး ရှေ့တည့်တည့်မှာလဲ လဘက်ရည်အချိုအပြည့်တခွက် ချထားပေးပါတယ်။ သူတို့ ၃-ယောက်လုံးလဲ မုံ့တွေ ပလုတ်ပလောင်းစားပြီး လဘက်ရည်သောက် ပြုံးရွှင်ရီမောနေကြပါတယ်။ ပါရဂူကြီးတယောက်က “ကဲကဲ ကိုဖြူဝင်း လဘက်ရည်သောက်လိုက်ပါဦး၊ မုံ့လဲကြိုက်တာစားပါ။ ကိုဖြူဝင်းကို ကျွန်တော်တို့ကူညီဘို့လာတာပါ” လို့ပြောပြီး၊ လဘက်ရည်ပန်းကန်လုံးကို စပ်စုရှေ့ထပ်တိုးပေးပါတယ်။ နောက်တယောက်ကလဲ မုံ့ပန်းကန်တွေ ရှေ့ထပ်တိုးပေးပါတယ်။ စပ်စုလေ့လာကြည့်လိုက်တော့ လဘက်ရည်က ချိုကျအရောင် ပစ်ပစ်နှစ်နှစ် အနေအထား၊ မုံ့တွေကလဲ ပလိန်းကိတ်မွှေးမွှေး အပါအ၀င် ရန်ကုန်မုံ့တွေဆိုတာ သိလိုက်ပါတယ်။ ထောင်ထဲမှာ တွေ့ရခဲတဲ့ မတွေ့နိုင်တဲ့ အစားအသောက်အနံ့အသက် အခင်းအကျင်းတွေပါ။ စပ်စုလဲ အပီဝါးလိုက်မှဘဲဆိုပြီး လဘက်ရည်ခွက်ကို ကိုင်းကကိုင် ကိုယ့်ရှေ့နားထပ်တိုး၊ ကိတ်မုံ့တုံးသေးသေးတခုကိုကောက်ကိုင်ပြီး ပါးစပ်ထဲထည့်မယ်အလုပ်မှာ “ဟာ ကျွန်တော် ဥပုသ်အမြဲစေါင့်တယ်၊ ၁၂နာရီကျော်ပြီ” ဆိုပြီး ကိတ်မုံ့တုံးကို အတင်းပြန်ပစ်ချပြီး ပြောလိုက်ပါတယ်။ လဘက်ရည်ခွက်နဲ့ မုံ့ပန်းကန်လဲ သူတို့ဖက်အတင်း ပြန်တိုးပေးလိုက်ပါတယ်။

ထောင်မှူးကြီး မျက်နှာသိသိသာသာပျက်သွားပြီး၊ ပါရဂူကြီး ၂-ယောက်ကတော့ ပြုံးပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ကြည့်နေကြပါတယ်။ စပ်စုစိတ်ထဲမှာ “ငါ့ကိုဥပုသ်လာချိုးကြတာကိုး” လို့သိလိုက်ပါတယ်။ သူတို့မေးတာတွေကို စပ်စုလဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာဘဲ ပြန်ဖြေပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးမေးတော့ “အရိုက်ခံရပြီးနောက်ပိုင်းမှာ မကြာခဏဘဲ အကြမ်းဖက်ချင်တဲ့အကြောင်း၊ ခြေတွေ လက်တွေဖြတ် ဆန္ဒပြချင်တဲ့အကြောင်း၊” အမှန်အတိုင်းပြန်ဖြေလိုက်ပါတယ်။ ဥပမာပေးပါ ဆိုတော့“ထောင်မှူးကြီးရဲ့ ဗိုက်ဆူဆူကို ၃-လက်မအရှည် သွပ်ကြိုးတဖက်ချွန်လေးနဲ့ ကျွိခနဲနေအောင် ထိုးချင်စိတ်ဖြစ်ဘူး” ကြောင်း၊ လက်ဟန်ပါပြပြီး ပြန်ဖြေလိုက်ပါတယ်။ ဘာဖြစ်လို့ဒီလိုတွေ ဖြစ်ရတာလဲလို့မေးတော့ “စာမဖတ်ရလို့ပါ” လို့စပ်စုပြန်ဖြေလိုက်ပါတယ်။

ခဏအကြာ သူတို့ ၃-ယောက် တီးတိုးတိုင်ပင်အပြီးမှာတော့ “ကိုဖြူဝင်းမှာ စိတ်ရောဂါမရှိပါဘူး၊ ဒါကြောင့် ကုသပေးဘို့ မလိုပါဘူး၊ စိတ်ဝေဒနာတော့ တခါတခါခံစားမှုပြင်းပုံရပါတယ်။ ဒါကြောင့် ထောင်ဖေါက်တာလို့မှတ်ချက်ပေးလိုက်မယ်၊ ဒါဆိုထောင်ဖေါက်မှုအတွက် ကိုဖြူဝင်းကို နောက်မှုစွဲစရာမလိုဘူး၊ သဘောတူသလား” ဆိုတော့၊ ပုထုဇဉ်နော ဥမ္မတကော နဲ့ အရူး ၁၂-ယောက်,ဥမ္မတ္တက သုတ္တံ အရ သဘောတူတယ်လို့ စပ်စုပြန်ဖြေလိုက်ပါတယ်။ “ကိုဖြူဝင်း စိတ်ဝေဒနာပြင်းထန်လာရင် အလွယ်တကူ ကုသနိုင်အောင် အင်းစိန်ထောင် ပြန်ပြောင်းရမယ်၊ ပြောင်းချင်လား”ဆိုတော့ “မိသားစုသွားလာရ အဆင်ပြေတာပေါ့” လို့ တုံ့ပြန်လိုက်ပါတယ်။

ထောင်အာဏာပိုင်များအနေနဲ့ရော န၀တ အနေနဲ့ပါ နိုင်ငံရေးအကျဉ်းသားစပ်စု အပေါ် ““ရူးအောင်အကွက်ချလုပ်လိုက်တယ်””လို့လဲ ၀န်မခံလို၊ မသိစေလို၊ ကုသမပေးလိုကြဘဲ၊ စာမဖတ်ရလို့ ထန်းလျက်ဗူးနဲ့ ထောင်ဖေါက်တာခံလိုက်ရတယ်လို့လဲ သိက္ခာမကျလိုဟန် ရှိခဲ့ပါတယ်။ ဒီလိုနဲ့ အစေါင့်အကြပ်တွေနဲ့ သာယာဝတီထောင်ကနေ ရထားနဲ့ အင်းစိန်ထောင်ပြန်ပို့ကြပါတယ်။ ရထားပေါ်မှာတော့ “ထောင်စည်းကမ်း၊ လူ့စည်းကမ်း၊ ဘာသာရေးစည်းကမ်း၊ ၀ိနည်းစည်းကမ်းတွေ အနက် ကျုပ်ကတော့ ၀ိနည်းစည်းကမ်းကို အလေးစားဆုံး၊ လူ့စည်းကမ်းနဲ့ ဘာသာရေးစည်းကမ်းတွေကိုဘဲ လိုက်နာနိုင်မယ် ဆိုပြီး “ထောင်ထဲမှာနေ ထောင်စည်းကမ်း၊ စည်းကမ်းတကျနေ” လို့ အမြဲပြောတတ်တဲ့ ထောင်ဝန်ထမ်းတွေကို ပြန်ပက်ခဲ့ပုံတွေ စိတ်အစဉ်မှာ အစီအရီပြန်ပေါ်ရင်း ရထားနဲ့အတူ ဘယ်ယိမ်းညာနွဲ့ ခြေကျဉ်းသံတချွင်ချွင်နဲ့ စပ်စုပျော်နေမိပါတယ်။ “ငါတို့သာယာဝတီထောင်တော့ ပေါ်တင်ကြီးထောင်ဖေါက်ခံရတော့ သိက္ခာကျ ပါပြီကွာ၊ မင်းကို အဲ့ဒီတုံးက တခါထဲ ရိုက်သတ်လိုက်ရရင်ကောင်းမှာဘဲ ဆိုတဲ့ စပ်စုသူတို့ကို ဘုကြည့်ကြည့်မိရင် သူတို့ကိုတွေ့ရာနဲ့ ပြန်ရိုက်မှာစိုးလို့ အဝေးကဘဲလှမ်းပြောတတ်တဲ့ ၀န်ထမ်းငယ်တွေကိုလဲ ပြန်လည်ကြားယောင် မြင်ယောင်စာနာနေမိခဲ့ပါတယ်။ “မင်းတို့ဟာ တရားဝင်အစိုးရရဲ့ တရားဝင်ဝန်ထမ်းတွေမဟုတ်ဘူး” ဆိုတဲ့ စပ်စုရဲ့စကားကိုတော့ ဒုထောင်ပိုင်(ထောင်ပိုင်လေး) တိရစ္ဆာန်ဆေးကုဆရာဝန်၊ ထောင်မှူးကြီး နဲ့ ထောင်မှူးတွေ အတော်နာကျည်းကြမှာဘဲလို့ စပ်စုစိတ်မကောင်းဖြစ်မိရပါတယ်။

စပ်စုဘယ်သူ့ကိုယ်မှ ဖွင့်မပြောရဲဘဲ သာယာဝတီထောင်မှာ အားလုံးကို ပဟေဠိထားခဲ့တဲ့ တိုက်ခန်းနံရံ ၂-ပေပတ်လည်ပေါက်သွားတဲ့ ထန်းလျက်၊သကြား၊ အချိုမှုန့်၊ဆပ်ပြာတို့နဲ့ အသံမမြည် ယမ်းနံ့မထွက် အအေးဖေါက်ခွဲနည်းကတော့ ဒီလိုပါ။ သာယာဝတီထောင် လက်ပါးနဲ့အရူးတိုက် အခန်းနံပါတ် ၂-မှာ စပ်စုမနေခင် အသက် ၆၀-ကျော် သူ့ကိုယ်သူ ဗကပ လက်ဟောင်းကြီးလို့ပြောတဲ့ ဦးဆေးခြောက် နေခဲ့ပါတယ်။ ဦးဆေးခြောက် ဟာ ဆေးခြောက်စွဲနေပြီး အဲ့ဒီ အခန်းနံပါတ် ၂-နံရံမှာ ရှေးက ဗကပတွေ ထောင်ဖေါက်ဘို့၊ လက်နက်နဲ့ အရေးကြီးတာတွေဖွက်ဘို့ နံရံကအုတ်တွေကိုထုတ်၊ အင်္ဂတေပြန်ကိုင်အသေအချာလုပ်ထားတဲ့ အံဝှက်ကြီးတခုတွေ့ရှိထားသူပါ။ သူက အဲ့ဒီ အံဝှက်ထဲမှာ ဆေးခြောက်တွေ ၀ှက်ထားပါတယ်။ စပ်စုနဲ့မထင်မှတ်ဘဲ အခန်းချင်းလဲရွှေ့ပေးလိုက်ရတော့ ဦးဆေးခြောက်အခက်တွေ့သွားပါတယ်။ နောက်ဆုံးမတော့ စပ်စုကိုဖွင့်ပြောလို့ သူ့ဆေးခြောက်တွေပြန်ပေးလိုက်အပြီးမှာ ဒီအခန်းထဲမှာ အံဝှက်ကြီးတခုရှိတာကိုတော့ စပ်စုအသေအချာသိရပြီပေါ့။ စပ်စုဖတ်နေတဲ့တရားစာအုပ်ကိုသိမ်းဆည်း၊ စာအုပ်ပေးသူဝန်ထမ်းတွေကို၊ သိရှိသူအခန်းနားချင်းတွေကို အရေးယူမယ်လုပ်လို့ ဒေါသပေါက်ကွဲပြီး အဲ့ဒီအံဝှက်ကြီးကိုဆွဲထုတ်၊ ကြမ်းပြင်ပေါ်ကိုပစ်ပေါက်ခွဲလိုက်တာပါ။ နောက်မှ ၀န်ထမ်းတွေ၊ ဦးဆေးခြောက်နဲ့ တတိုက်ထဲအတူနေတွေကို အမှုမပတ်အောင်နဲ့ အာဏာပိုင်တွေဖြစ်စေချင်တဲ့ “၅-ည တယောက်တော့ သာယာဝတီထောင်ကပုံစံပေးလိုက်တာရူးသွားပြီ” ဆိုတာဖြစ်စေဘို့ စပ်စု အလိုက်သင့်သရုပ်ဆောင်ခဲ့တာပါ။

အင်းစိန်ထောင်ကို ဆံပင်ဂုတ်ဝဲ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ထူထူ ဟစ်ပီပုံစံနဲ့ စပ်စုပြန်ရောက်ရပြန်ပါပြီ။ သာယာဝတီထောင်က စပ်စုအပေါ်ဥပေက္ခာပြုစွာ ဆံပင်လေးတောင်ညှပ်မပေးလိုက်လို့ပါ။ “ရှင့်ကိုဘယ်လိုမှ ဖျောင်းဖျဆုံးမလို့မရဘူးလို့ ထောင်မှူးကြီးကပြောတယ်၊ အင်းစိန်မှာ ဒီအချိုးမျိုးဆိုမလွယ်ဘူး လို့လဲ ပြောတယ်။ သူက တခွန်းပြောရင် ရှင်က ၃,၄ခွန်းပြန်ပက်တော့တာဘဲတဲ့။ သာယာဝတီထောင်ကတော့ဆလန်ဘဲတဲ့၊ နောင်ဘယ်တော့မှပြန်မလာနဲ့တဲ့၊ ရှင်အင်းစိန်မှာတော့ လိမ်မာမှ ထောင်ကလွတ်မှာနော်” စပ်စုရဲ့ဇနီးသည် သာယာဝတီထောင် နောက်ဆုံးထောင်ဝင်စာမှာ ပြောခဲ့တာတွေပြန်ကြားယောင်ရင်း “ငါ လိမ်လိမ်မာမာနေမှာပါ အင်းစိန်ရယ်” လို့ စပ်စုစိတ်ထဲက ပြောလိုက်မိပါတယ်။

နောင် အင်းစိန်ထောင်ရဲ့ ၄-ဆောင် ၃-ဆောင် စတဲ့အဆောင်တွေ၊ ထောင်ဆေးရုံ ၅ညခန်း၊ တွဲဖက်(သီးသန့်ထောင်)တွေမှာ ပတ္တနိကုစ္စန ဆရာတော်ကြီးတွေ၊ အန်ကယ်ဦးတင်ဦး အန်ကယ်ဦးကြည်မောင် ဦးသာဗန်း၊ ဦး RP သောင်း စတဲ့ အန်ကယ်ကြီးတွေ၊ မင်းကိုနိုင်၊ ဌေးကြွယ် စတဲ့ ၈-လေးလုံး ခေါင်းဆောင်တွေ၊ အောင်ထွန်း၊ အောင်ဒင်၊ ဘုန်းမြင့်ထွန်း စတဲ့ ဗကသတွေ၊ ၈,၉,၁၀ အကသ ကျောင်းသားငယ်တွေ၊ KIA, ၀တပ်ဖွဲ့စတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ရာဇ၀တ်အကျဉ်းသားတွေနဲ့ တပြုံတထောကြီး ထောင်တွင်းတက္ကသိုလ်ဖွဲ့ စာပေသင်ကြားမှု၊ အင်းစိန်ထောင် ၆-နိုင်ငံဗုံးကြဲရန်ကြံစည်မှု၊ ထောင်မြေပုံများရေးဆွဲမှု၊ မိလ္လာကြီး ဘုတ်ကိုင် ဇွတ်ခန့်ခံရမှု၊ မိလ္လာမချလောက်တက်,လောက်ကိုက်အပါအ၀င် ထောင်တွင်းညှင်းပမ်းနှိပ်စက်မှုများကာကွယ် ပ,ပျောက်ရေးအမြင်ဖလှယ် ကြိုးပမ်းမှု၊ နိုင်ငံရေးအကျဉ်းသားတွေ ခြေဖြတ်လက်ဖြတ်ဆန္ဒပြမှု၊ စတာတွေမှာ စပ်စုပါဝင်ပတ်သက် သရုပ်ဆောင်ရဦးမယ်ဆိုတာ အဲ့ဒီတုံးက လိမ်မာချင်တဲ့ စပ်စု တကယ်မသိခဲ့ပါ။

ဒီအကြောင်းတွေကိုတော့ နောင်အလျဉ်းသင့်မှ ဆက်လက်ရေးသားပါမယ်။ အခုရေးသားခဲ့တဲ့ “သာယာဝတီထောင် လက်ပါးနဲ့အရူးတိုက်” ဆောင်းပါးဟာ အမှန်ဖြစ်ခဲ့တာကို အမှန်အတိုင်း တင်ပြခြင်းသာဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ၁၄-၁၅နှစ်ကြာခဲ့ပြီဖြစ်လို့ ရှေ့နောက်ဖြစ်စဉ်လွဲတာနဲ့ အမှတ်မှားတာများလဲ အနည်းအကျဉ်းရှိနိုင်ပါတယ်။ ဘယ်သူမှ ဒီလိုမကြုံကြပါစေနဲ့လို့ဆုတောင်းရင်း နောင် ကြုံတွေ့ကြရဦးမဲ့ လူ့အခွင့်ရေးကန့်သတ်ချိုးဖေါက်မှု တွေနဲ့ လူ့အခွင့်ရေး ကာကွယ်ရယူမှု တွေမှာ အားလုံး သင်္ခန်းစာယူနိုင်ကြဘို့ စပ်စု ရိုးရိုးသားသား မှတ်တမ်းတင် ရေးသားခြင်းသာဖြစ်ပါတယ်။ အာလုံးအပေါ် စပ်စုမှားခဲ့တာတွေကို အနူးအညွတ် ၀န်ချတောင်းပန်ပါကြောင်းနဲ့ စပ်စုအပေါ် မှားခဲ့ကြသည်များကိုလည်း လေးလေးနက်နက် လုံးဝခွင့်လွှတ်ပါကြောင်း အသိပေးရင်း နိဂုံးချုပ်ပါတယ်။ ။


ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေး၊ အေးငြိမ်းချမ်းသာ ရပါစေ

                                                                လန်ထောင်စပ်စုလေး(၂၇-၆-၂၀၀၆)

No comments:

Post a Comment