Wednesday, December 23, 2009

''မြန်မာအမျိုးသမီးများအတွက် စု-တု-ပြု များ'' စာတမ်းဖတ် ဆွေးနွေးပွဲ။

ယခုလို အမျိုးသမီးရေးရာနှင့်အခွင့်အရေးများဆိုင်ရာအဖွဲ့ Women Rights and Welfare Association
of Burma (WRWAB) အတွက်စာတမ်းဖတ်ဦးဆောင်ဆွေးနွေးခွင့်ရတဲ့အတွက် အဖွဲ့ရဲ့ဦးဆောင်သူများအားလုံး၊ ‘ဒီဆွေးနွေးပွဲကိုစီစဉ်ပေး
သူများအားလုံးနဲ့ တက်ရောက်သူများ၊ ပါဝင်ဆွေးနွေးကြမည့်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။
ကျွန်တော်ဖတ်မဲ့စာတမ်းကတော့ ''မြန်မာအမျိုးသမီးများအတွက် စု-တု-ပြု များ'' ဆိုတဲ့စာတမ်းဘဲဖြစ်ပါတယ်။

ဒီစာတမ်းကို ဖတ်နေတုံးမှာဖြစ်ဖြစ်၊ ဖတ်ပြီးတော့မှဖြစ်ဖြစ် မည်သူမဆို လိုအပ်သလို ပါဝင်ဆွေးနွေး မေးမြန်းနိုင်ပါတယ်။ ဖြည့်စွက်ဝေဖန်အကြံဥာဏ် များလဲပေးနိုင်ပါတယ်။ အချက်အလက် အယူအဆများ
အမှားအယွင်းများရှိရင်လဲ ပြင်ဆင်နိုင်ရန် ဝေဖန်ညွှန်ပြပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
ပထမဦးစွာ စာတမ်းရဲ့ခေါင်းစဉ်ကိုအရင်ရှင်းပြချင်ပါတယ်။
 ''မြန်မာအမျိုးသမီးများအတွက် စု-တု-ပြု များ''။
 မြန်မာအမျိုးသမီးများလို့ဆိုရာမှာ ယနေ့လက်ရှိ တောင်ပေါ်မြေပြန့် မြန်မာတနိုင်ငံတဝှမ်းလုံးမှာ နေထိုင်နေကြတဲ့ မြန်မာအမျိုးသမီးများ အားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့နိုင်ငံများစွာကိုရောက်ရှိနေကြတဲ့ မြန်မာအမျိုးသမီးများအားလုံးကိုဆိုလိုပါတယ်။ ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ် အသက်အရွယ်မရွေး၊ အတန်းအစားမရွေး
လူမျိုးမရွေး ဘာသာမရွေး မြန်မာအမျိုးသမီးများအားလုံးကိုဆိုလိုပါတယ်။
''မြန်မာအမျိုးသမီးများအတွက် စု-တု-ပြု များ'' ခေါင်းစဉ်မှာ ''စု-တု-ပြု များ''ဆိုတာကတော့----။

 စု- ဖတ်မှတ်စုဆောင်းခြင်း၊ မေးမြန်းစပ်စုခြင်း၊ မှတ်စုထုတ်ခြင်း၊ စုစည်းတည်ကြည်ခြင်း၊ စုပေါင်းလုပ်ဆောင်ခြင်း။

တု- အတုခိုးခြင်း၊ အတုယူခြင်း၊ တုပကြည့်ခြင်း၊ အံတုခြင်း။
ပြု- ပြုပြင်ခြင်း၊ ပြုစုခြင်း၊ အကျိုးပြုစေခြင်း၊ အပြုသဘောဆောင်ခြင်း။ စသည်တို့ဘဲဖြစ်ပါတယ်။
ဒီ စု-တု-ပြု ဆိုတဲ့သြဝါဒကို စာရေးဆရာများ၊ စာပေဝါသနာရှင်များက စတင်သုံးစွဲခဲ့ကြပါတယ်။
စာရေးဆရာတယောက်ဖြစ်ချင်ရင်--၊
(၁) ''စု'' -- ဆိုတဲ့ စာအုပ်စာပေတွေ ဖတ်ရှုစုဆောင်းခြင်း၊ အရာရာမှာ သိလိုစိတ်နဲ့ မေးမြန်းစပ်စုခြင်း၊ စနစ်တကျ
မှတ်မှတ်သားသား မှတ်စုထုတ်ထားခြင်း၊ ရှိရမယ်။ မလွဲမသွေလုပ်ရမယ်။
(၂) ''တု''--ဆိုတဲ့ တပါးသူတွေရေးသားထားတဲ့ စံထားလောက်တဲ့စာတွေကို အတုခိုး၊ အတုယူ၊ တုပကြည့်ရမယ်။
ကိုယ်တိုင်လက်တွေ့ စမ်းသပ်ကြည့်ရမယ်။ ကိုယ်ပိုင်ဖန်တီးအံတုကြည့်ရမယ်။
(၃) ''ပြု''--ဆိုတဲ့ အမှားအယွင်းတွေ၊ လိုအပ်ချက်တွေကို ပြုပြင်ခြင်း၊ ကိုယ်တိုင်မဖြစ်မနေပြုစုကြည့်ခြင်း၊ အများအတွက်
အကျိုးပြုစေခြင်းများ၊ အပြုသဘောဆောင်ခြင်းများ အသေအချာရှိရမယ်လို့ ဆိုလိုပါတယ်။
ဒီ စု-တု-ပြု လမ်းစဉ်အတိုင်းသွားမှသာ အကျိုးပြုစာပေ ပြုစုသူ စာရေးဆရာကောင်းတယောက်ဖြစ်နိုင်တယ်လို့
ဆိုလိုပါတယ်။ ဒီ စု-တု-ပြု လမ်းစဉ်အတိုင်း မလိုက်နာနိုင်ခဲ့ရင်လဲ အောင်မြင်မှုတည်မြဲတဲ့ စာရေးဆရာတယောက် မဖြစ်နိုင်ဘူးလို့ ယူဆကြပါတယ်။
ကျွန်တော့်အနေနဲ့ ဒီအယူအဆ သြဝါဒဟာ ခေတ်အဆက်ဆက် အရင်ကလဲမှန်ကန်ခဲ့ပြီး အခုလဲမှန်ကန်နေဆဲ နောင်လဲ အမြဲမှန်ကန်နေမယ်လို့ မမှိတ်မသုန် ယုံကြည်ပါတယ်။
ကဲ ဒါဖြင့် ဒီ စု-တု-ပြု ဆိုတဲ့သြဝါဒ ဟာ စာရေးဆရာ၊ စာရေးဆရာမ ဖြစ်လိုသူများအတွက်သက်သက်ဘဲလား?
အခြားနယ်ပယ်တွေအတွက်ရော မှန်ကန်လိုအပ်ရဲ့လား? စဉ်းစားဝေဖန်ဆန်းစစ်ကြည်တဲ့အခါမှာ--။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊
ကျန်းမာရေး ကအစ--၊ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ မီဒီယာအမျိုးမျိုးအလယ်--၊ မိသားစုအရေး၊ အိမ်ထောင်ရေး၊ တဦးချင်းဝါသနာများအဆုံး-
-၊ စတဲ့ ဘက်ပေါင်းစုံမှာ အောင်မြင်ကျော်ကြားနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့တွေ၊ စသည်တို့ဟာ ဒီ စု-တု-ပြု ဆိုတဲ့သြဝါဒအတိုင်း
လိုက်နာနိုင်ကြသူတွေ၊ အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။
ဒါကြောင့် ကျွန်တော်လက်လှမ်းမှီသမျှ နမူနာအမျိုးမျိုးပြပြီးဆွေးနွေးပါမယ်။ ဒီ နမူနာပြဆွေးနွေးရာမှာ ကျွန်တော်တို့
မြန်မာပြည်သူလူထုတရပ်လုံး ဆင်နွှဲနေကြတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတွေကို အထောက်အကူပြုမဲ့ အချက်အလက်တွေနဲ့ လူပုဂ္ဂိုလ်တွေထဲမှာလဲ အထူးသဖြင့် အမျိုးသမီးတွေကို အဓိကထားနမူနာပြဆွေးနွေးသွားမှာဖြစ်ပါတယ်။
ပထမဦးဆုံး ကျွန်တော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ရဲ့ စု-တု-ပြု
သြဝါဒလမ်းစဉ်ပေတံနဲ့ ဆန်းစစ်ကြည့်ကြရအောင်---။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်စဉ်ကလေးဘဝကစပြီး အခုအချိန်အထိ
စာတွေဖတ်မှတ်စုဆောင်း မေးမြန်းရေးသားပြုစု စာအုပ်တွေ ပုံနှိပ်ထုတ်ဝေခဲ့တာ အများအသိဘဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအများမှာ
အောင်မြင်အကျိုးပြုနေတဲ့ ဒီမိုကရေစီဝါဒနဲ့ လူ့အခွင့်အရေးတွေ မြန်မာနိုင်ငံမှာလဲရရှိနိုင်စေဘို့ နည်းလမ်းအမျိုးမျိုးကို အတုယူ ကြိုးပမ်းပေးနေတာကိုလဲ
အများအသိဘဲဖြစ်ပါတယ်။ မိမိစိတ်ဓါတ်ကို ဘာသာတရားဖြင့်လဲ စုစည်းပြီး အများနဲ့၊ အဖွဲ့အစည်းနဲ့ စုပေါင်းလုပ်ဆောင်နေတာကိုလဲ
သိရှိကြပြီးဖြစ်ပါလိမ့်မယ်။ မိမိရဲ့အယူအဆကို အခြေအနေအရ အလျော့အတင်းပြု ပြုပြင်တတ်ပြီး၊ အပြုသဘောဆောင် အနစ်နာခံ အကျိုးပြုနေတာ ကိုလဲ အမြဲတွေ့နေရပါတယ်။
ကျွန်တော်အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်စဉ်ကနေ အခုအချိန်အထိ စု-တု-ပြု ခဲ့ပုံ
ယေဘူယျတင်ပြချက်တွေဟာ တဖက်စာမျက်နှာပါဓါတ်ပုံတွေကလည်း သက်သေပြနေတယ်လို့ ယူဆပါတယ်။ ဒီဓါတ်ပုံမှာ ''တပ်ပေါင်းစုံ
အမျိုးသမီးချီးမြှင့်ရေးအဖွဲ့'' အဖွဲ့ဝင်တွေဖြစ်တဲ့ အမေဒေါ်ခင်ကြည်၊ အမေဒေါ်မြရီ၊ ပင်လုံဒေါ်နုရင်၊ ပင်လုံဒေါ်ကြည်ကြည်
စသည်အမျိုးသမီးခေါင်းဆောင်ကြီးများနှင့်အတူ သိတတ်စအရွယ် အောင်ဆန်းစုကြည်က တိုင်းပြည်အကျိုး၊ တပ်မတော်အကျိုးပါဝင်ဆောင်ရွက်ခဲ့ပုံဖြစ်ပါတယ်။



(ဓါတ်ပုံနှင့်စာများ၊ ကဗျာများကို လေ့လာဖတ်ရှုကြပြီး ပါဝင်ဆွေးနွေးမေးမြန်းကြစေလိုပါတယ်)
ဒီလို ငယ်စဉ်သိတတ်စကတည်းကအခုအထိ စု-တု-ပြု ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၁၉၈၈
သြဂုတ်လ ၁၅-ရက် မှာရေးသားထုတ်ဖေါ်ခဲ့တဲ့ ''နိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရခြင်းအကြောင်း'' စာလွှာကလဲ ထောက်ခံနေပါတယ်။ ဒီစာလွှာကို
ချိုးလင်းပြာ အမျိုးသမီးစာစောင် အမှတ် ၁၆- ၂ဝဝ၃ ဒီဇင်ဘာလမှာ ဖေါ်ပြထားပါတယ်။ အနည်းငယ်ကောက်နှုတ်ဖေါ်ပြရရင်---
'' နိုင်ငံရေးအသိုင်းအဝိုင်းအတွင်းတွင် မွေးလာ ကြီးပြင်းလာသူတဦးအနေနှင့် နိုင်ငံရေးလောကတွင်
စိတ်ဝင်စားလာခြင်းသည် အထူးရှင်းပြရန်လိုမည့် အကြောင်းအရာတခု မဟုတ်ပါ။ ကျမ သိတတ်စအရွယ်ကပင်
မြန်မာပြည်နိုင်ငံရေးလှုပ်ရှားမှုများ၊ အထူးသဖြင့် ကျမ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်အတွက်ကျိုးပမ်းမှုများနှင့်
နိုင်ငံအတွက်ထားရှိခဲ့သော မျှော်မှန်းချက်များနှင့်ပတ်သက်သော ဆွေးနွေးစကားများကို နေ့စဉ်မပြတ်ဆိုသလို ကြားနေခဲ့ရပါသည်။''
လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငယ်စဉ်သိတတ်စကပင် နိုင်ငံရေး စု-တု-ပြုများလုပ်ခဲ့ကြောင်း ဝန်ခံရေးသားထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လိုက်နာနေတဲ့ စု-တု-ပြု အချက် ၃-ချက်နဲ့ပတ်သက်ပြီး အခု
အားလုံးပါဝင်ဆွေးနွေးနိုင်ကြဘို့ ကျွန်တော် နမူနာပြလေး ၂-ခု ထပ်မံ ဖေါ်ပြဆွေးနွေးမေးမြန်းလိုပါတယ်။ အဲ့ဒါတွေကတော့ '' အကောင်းဆုံးကို
မျှော်လင့် ထားသလိုဘဲ အဆိုးဆုံးအတွက်လဲ အသင့်ပြင်ဆင်ထားကြပါ''
ဆိုတဲ့ ၃ဝ-၁-၂ဝဝ၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုဦးစီးအဖွဲ့ဝင်တွေကတဆင့် ပြည်သူလူထုကို အသိပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့
၉၃-နှစ်မြောက်မွေးနေ့ (၁၃-၂-၂ဝဝ၈) မှာ ''စုပေါင်းလုပ်ြကမှသာ အကျိုးရှိနိုင်မယ်' ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားပြီး သူခြံဝမှာ
ကပ်ထားတဲ့ စာတမ်းတို့နဲ့ပတ်သက်လို့ပါဘဲ။ ကဲ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စု-တု-ပြု စွမ်းရည်တွေကို အခုကြွရောက်လာကြသူများ
ပါဝင်ဆွေးနွေးပေးကြပါ။

ဒီလောက်ဆိုရင် စု-တု-ပြု ရဲ့ သဘောကို သိလောက်ပြီလို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်စဉ်ကစပြီး
သူ့မိခင် အမေဒေါ်ခင်ကြည်(ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး)၊ အမေဒေါ်မြရီ (ဝန်ကြီးချုပ်ဦးနုရဲ့ဇနီး)၊ ပင်လုံဒေါ်နုရင်၊ ပင်လုံဒေါ်ကြည်ကြည်
(ဒါနသုခအသင်းဥက္ကဌ ဒေါ်ကြင်အိမ်၏သမီးများ) စတဲ့ မိခင်ကြီးများထံမှာ စု-တု-ပြု အမွေ ဆက်ခံခဲ့တာ၊ ယနေ့အထိလဲ သူ့ဖခင်
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အတွေ့အကြုံ အသိဥာဏ်ရင့်ကျက်သူများထံမှ လိုအပ်သလို စု-တု-ပြု နေဆဲဆိုတာ သိသာလောက်ပြီထင်ပါတယ်။
ဒါဖြင့် ဒေါ်အောင်ဆန်းစုကြည်လိုဘဲ မစုစုနွေးတို့ရော၊ ဒေါက်တာ ဒေါ်စင်သီယာမောင်တို့ရော၊
လွှတ်တော်ကိုယ်စလှယ် ဒေါ်စန်းစန်း၊ ဒေါ်ခင်ပြုံး( သခင်သာခင်သမီး)၊ ဒေါ်ခင်ဥမ္မာ၊ ၈၈-မျိုးဆက်တွေဖြစ်တဲ့ မနီလာသိန်း၊ မမီးမီး၊ မထက်ထက်ဦးဝေ တို့ရော၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အတွက် စု-တု-ပြု ခဲ့ကြ၊ စု-တု-ပြု နေကြဆဲလို့ ကျွန်တော်ပြောရင်
ဘယ်သူမှ ငြင်းကြမယ်မထင်ပါဘူး။
အဲဒီလိုဘဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်ရဲ့သမီး ဒေါ်အေးအေးသန့်တို့၊ နအဖ ကိုတရားစွဲခဲ့တဲ့
ဒေါ်ဝင်းဝင်းနုတို့၊ မန္တလေးတိုင်းစည်း ဒေါ်ဝင်းမြမြတို့၊ HIV/ AIDS ရောဂါသည်တွေကို ကူညီခဲ့တဲ့ မဖြူဖြူသင်းတို့၊ နန်းချန်တောင်း၊
နန်းဆမ်နောင်း
တို့၊ RFA,VOA, BBC, DVB အသံလွှင့်ဌာနတွေက အမျိုးသမီးအစီအစဉ်မှူးတွေ လဲ စု-တု-ပြု သြဝါဒလမ်းစဉ်အတိုင်း
သွားနေကြတာအများအသိပါဘဲ။
ကျွန်တော်ဒီစာတမ်းကိုပြုစုဘို့ ကြိုတင်လေ့လာခဲ့တဲ့ စာရေးဆရာမကြီး ဒေါ်စောမုံညင်း ရဲ့ ''မြန်မာအမျိုးသမီး''
စာအုပ်ပါ ထင်ရှားကျော်ကြားတဲ့ အမျိုးသမီး ၁၂ဝ-ကျော် စလုံးဟာလဲ ဒီ စု-တု-ပြု သြဝါဒလမ်းစဉ်အတိုင်း လိုက်ခဲ့ကြသူတွေပါဘဲ။ အဲ့ဒီစာအုပ်မှာ
ဝံသာနု အမျိုးသမီးကြီးများ၊ မြန်မာကုမ္မာရီ အသင်းသူကြီးများကအစ၊ သံတမန်ရေး၊ နိုင်ငံရေး၊ ဥပဒေ၊ ဆေး၊ တပ်မတော်၊ ပညာရေး၊
သတင်းစာလောက၊ စာပေ ဂီတ ဇာတ် အငြိမ့် ရုပ်ရှင် လောက အလယ်၊ အဆိုတော်ကြီးများနဲ့ သာသနာရေးဝန်ထမ်း အမျိုးသမီးကြီးများ သီလရှင်ကြီးများ
အဆုံး၊ စု-တု-ပြု သြဝါဒလမ်းစဉ်အတိုင်းလိုက်ခဲ့ကြပုံတွေ လေ့လာတွေ့ရှိရပါတယ်။
ကဲ-- အခု ဒီစာတမ်းဖတ် ဆွေးနွေးပွဲမှာပါဝင်တက်ရောက်နားထောင်နေကြသူတွေရော--၊ ဒေါ်မော်လီ၊
ဒေါ်သင်းသင်းအောင်၊ ဒေါ်ချယ်ရီ၊ ဒေါ်ခင်မ်မာတင်၊ ဒေါ်နူနီး
စသည်တို့တတွေရော-- ၊ အနောက် ဖက်ဒေသရဲ့ အ မျိုးသမီး ခေါင်း ဆောင်တွေဟာလဲ
စု-တု-ပြု သြဝါဒလမ်းစဉ်တွေနဲ့ မကင်းသူတွေလို့ ကျွန်တော်အသေအချာယုံကြည်ပါတယ်။ ဒါကြောင့် အခုတက်ရောက်လာကြသူတွေထဲက အနည်းဆုံး
၃-ယောက်လောက် မိမိတို့ရဲ့ စု-တု-ပြု အတွေ့အကြုံလေးတွေကို ပါဝင်ဆွေးနွေးပေးစေလိုပါတယ်။
ဒီလောက်ဆိုရင် မြန်မာအမျိုးသမီးတွေရဲ့ ဘဝမှာ အမြဲ စု-တု-ပြု နေကြဘို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ
အားလုံးသိသာလောက်ပြီလို့ ထင်ပါတယ်။ စု-တု-ပြု စွမ်းရည်တွေ တိုးတက်စေဘို့ WRWAB စာကြည့်တိုက်နဲ့တကွ၊ အခုလို
စာတမ်းဖတ်ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ အမျိုးမျိုးပေးနေတာကို အသေအချာ ရဲရဲဝံ့ဝံ့ အသုံးချကြပါလို့ အားလုံးကို တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲတော့ အမေများ မိခင်များ အားလုံး၊ အမေများ မိခင်များ ဖြစ်လာကြမည့် သူများအားလုံး၊ အမျိုးသမီးများအားလုံးကို ဒီစာတမ်းဖတ်
ဆွေးနွေးပွဲ ဖြင့် ကန်တော့ဂုဏ်ပြုရင်း
စု- ဖတ်မှတ်စုဆောင်းခြင်း၊ မေးမြန်စပ်စုခြင်း၊ မှတ်စုထုတ်ခြင်း၊ စုစည်းတည်ကြည်ခြင်း၊ စုပေါင်းလုပ်ဆောင်ခြင်း။
တု- အတုခိုးခြင်း၊ အတုယူခြင်း၊ တုပကြည့်ခြင်း၊ အံတုခြင်း။
ပြု- ပြုပြင်ခြင်း၊ ပြုစုခြင်း၊ အကျိုးပြုစေခြင်း၊ အပြုသဘောဆောင်ခြင်း။ များကို သတိရှိရှိ အမြဲမပြတ် လုပ်ဆောင်နေကြပါလို့
လေးစားစွာတိုက်တွန်းအပ်ပါတယ်။
ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေး၊ အေးငြိမ်းချမ်းသာရပါစေ။
ဦးဖြူဝင်း(လန်ထောင်စပ်စုလေး)
၂၂-၂-၂ဝဝ၈

No comments:

Post a Comment