Sunday, April 25, 2010

ကဘော်ချိုင့်ဝှမ်းပြန်ယူ...နီကိုဗာကျွန်းပြန်ပေး

ကဘော်ချိုင့်ဝှမ်းပြန်ယူ...နီကိုဗာကျွန်းပြန်ပေးhttp://www.hittai.net/ရှုထောင့်သစ်
လန်ထောင်စပ်စုလေး
+ နေရာက နိမ္မာရသတီနတ်ပြည် တနေရာ…….၊
နေရူးဟာ ပုတီးစိပ်နေတဲ့ ဦးနုနားကပ်လာတယ်…..။
ဦးနုနားဝင်ထိုင်ပြီး……..
“ရာဘင်တရာနတ်တဂိုးနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
လူ့ပြည်က Great Disruption မဟာပြိုကွဲမှုအယူအဆတွေ
ဦးသန့်တို့နဲ့ စကားစစ်ထိုးနေတာ
ငါနားမလည်တာနဲ့ ပြန်လာခဲ့တာ---”လို့တိုးတိုးပြောတယ်။


+ ဦးနုက ၃၁-ဘုံလုံးကို အမျှအတမ်း အမြန်ဝေပြီး
ပုတီးကိုလည်ပင်းမှာ ပြန်ချိတ်ပြီး နေရူးကိုပြန်မေးတယ်၊
“ အောင်ဆန်း ဘာလုပ်နေလဲ” တဲ့။
+ “ အောင်ဆန်းနဲ့ နေတာဂျီဘို့စ်
၂၅၆-ကွက် Hyper Chess စစ်ဘုရင်ကစားနေကြတယ်၊ ”
“ အနုမြူစစ်ကို တားဆီးဘို့ အဖြေရှာနေတာတဲ့ ”
ဘေးမှာငြိမ်ကြည့်နေကြတဲ့ ဂျင်းနားနဲ့ နာဆာက
ငါ့နားကိုကပ်ပြီးတိုးတိုးပြောတယ်..။
မိုရှေ ဒါရမ်းလဲရှိနေတယ်၊ ဆူကာနိုတော့ မတွေ့မိဘူး။
“ သူတို့ငြိမ်လုံးအားကြီးနေကြတာနဲ့—ငါအသံထွက်ရင်ဆူခံထိမှာစိုးလို့
ငါကလဲစကားဘဲပြောချင်လာလို့ မင်းဆီ ငါထွက်လာတာ...”
+ ဦးနုက “ငါ….ပုတီးစိပ်နေရင်း အာရုံရတယ်..။
ကဘော်ချိုင့်ဝှမ်းမင်းပြန်ယူ...နီကိုဗာကျွန်းကိုငါ့ပြန်ပေး”။
+ “ဟေ့!!! ဦးနု မင်းဘာဖြစ်ပြန်ပြီလဲ...၊ ”
+ “ ဒီ နအဖ စစ်ကောင်တွေကို စစ်ရေးအရ ပြန်တိုက်ရင်
နီကိုဗာကျွန်းက အရေးကြီးတယ်ကွ၊
ဒါကြောင့် မင်းငါ့ကို နီကိုဗာကျွန်းတွေ အားလုံးပြန်ပေး။”
+ “ ဟဲဟဲ---ဟိုနေ့က တာဝတိံသာက ချူအင်လိုင်း ငါ့ဆီလာတွေ့တယ်၊
ငပုလေး တိန့်ရှောင်ပင်လဲ ပါလာတယ်။
ချူက “ နေရူး---မင်း ၊ ဦးနုဆီက နီကိုဗာကျွန်းတွေ ရလိုက်တာ
အိန္ဒိယအတွက် ကာကွယ်ရေး စစ်ရေး မဟာဆုလာဒ်ကြီးဘဲတဲ့။
မင်းကိုငါချီးကျူးပါတယ်တဲ့၊ မင်းတကယ်အမြှော်အမြင်ကြီးပါပေတယ်တဲ့၊
ငါ့ကိုဖက်နမ်းပြီးပြောသွားတယ်----။”
+ “ဟေ့ကောင် နေရူး မင်းစကားမလွှဲနဲ့၊
မင်းပြန်ပေးမလား ? မပေးးဘူးလား?????”
+ “ခဏနေဦး….အလောင်းအစားလုပ်မယ်”
“ဘာအလောင်းအစားလဲ???”
+ “မော်စီတုံးနဲ့ သခင်သန်းထွန်း စစ်တိုက်ဖို့ လူ့ပြည်ဆင်းသွားကြတယ်၊
ဟိုချီမင်းကတော့ ကဗျာစပ်ဦးမယ်ဆိုပြီး ပြန်နေခဲ့တယ်၊
မော်က အမေရိကန်စစ်သားအနေနဲ့တိုက်မှာ….
သခင်သန်းထွန်းက အသေခံဗုံးခွဲသမားအနေနဲ့……၊
သူတို့ပညာပြိုင်ကြမယ်…၊ ကံကြမ္မာလဲ ပြိုင်ကြမယ်၊
အဲ့ဒါ မင်းဘယ်သူနိုင်မယ်ထင်လဲ ???
မင်းနဲ့ငါလဲ အလောင်းအစားလုပ်ရအောင်။ မင်းနိုင်ရင်…..။”
+ “ဘယ်သူမှ နိုင်မှာမဟုတ်ဘူး၊
ကံဆိုးရင် သူတို့ ဒီနတ်ပြည်တောင် ပြန်ရောက်မှာမဟုတ်ဘူး…၊
မင်းတို့ ကဘော်ချိုင့်ဝှမ်းပြန်ယူ၊ ငါတို့ကို နီကိုဗာကျွန်းတွေပြန်ပေး၊”
+ “အင်း….ခက်ပြီ….ဒီ ဦးနု ဟာလေ…..။
မင်းက ဦးဏှောက်ထက် နှလုံးသားကပိုကြီးတယ်…။
မင်းက ဦးဏှောက်ထက် နှလုံးသားကပိုကြီးတယ်…။”


----------------------

+ ဒီ အိပ်မက် ကနေ လန့်နိုးတော့ ကဗျာဆရာ……
မြန်မာပြည် မြေပုံကို အသေးစိပ်ပြန်ကြည့်တယ်…။
ပင်လယ်ကမ်းရိုးတန်းတလျှောက် ကျွန်းတွေရဲ့ အမည်တွေကို လျှောက်ဖတ်ကြည့်နေမိတယ်…၊
အထူးသဖြင့်တော့ Nargis ၀င်မွှေသွားခဲ့တဲ့
ဧရာဝတီတိုင်းက ကျွန်းတွေပေါ့…။
နည်းနည်းနောနောမဟုတ်ဘူး၊
ကျွန်းကြီး ကျွန်းငယ်တွေ များမှများ ပေါမှပေါ….။
+ ဟုတ်တယ်နော်…..။
ကဗျာဆရာရဲ့အိပ်မက်ထဲကဦးနုပြောသလို……၊
နီကိုဗာကျွန်းဖြစ်ဖြစ်၊ ဟိုင်းကြီးကျွန်းဖြစ်ဖြစ်၊ ဒေါ်ညိမ်းကျွန်း၊
ထပ်တရာကျွန်းဖြစ်ဖြစ်…၊
နအဖ က ဒေါ်အောင်ဆန်းစုကြည်ကို ပေးလိုက်ရင်…၊
မြန်မာပိုင်ကျွန်းကြီး တကျွန်းကျွန်းကို ဒီမိုကရေစီပေးလိုက်ရင်…။
ဒီမိုကရေစီ အင်အားစုတွေက ကျွန်းတကျွန်းကျွန်းကို အပိုင်တိုက်နိုင်လိုက်ရင်…။
---------------------------

+ ဦးနုထက် ဦးဏှောက်ရော နှလုံးသားပါ အဆများစွာသေးငယ်တဲ့
ကဗျာဆရာဟာ ကျွန်းသိမ်းတိုက်ပွဲတွေတိုက်နေမိတယ်…။
မော်တော်ဘုတ်တွေ၊ စက်လှေတွေ၊ speed boat တွေ၊
ငါးဖမ်းစက်လှေကြီးတွေ၊ လှေငယ်တွေ…..၊ တုတ်တွေ၊ ဓါးတွေ၊
ဂျင်ကလိတွေ၊ ရိုင်ဖယ်တွေနဲ့၊ ဒုံးကျည်တွေလဲ ပါရဲ့…..။
နောက်ဆုံး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စစ်သင်္ဘောကြီးတွေက
ကဗျာဆရာတို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တော်လှန်ရေးသမားတွေကို
မသိမသာ ကူညီလိုက်တာ…. သိသိသာသာအောင်မြင်သွားတယ်….
ပျဉ်းမနား ကျတ်ပြေးနေပြည်တော်အထိ ဆိုပါတော့….။

----------------

+ အဲ့ဒီအိပ်မက်က တခါ လန့်နိုးသွားပြန်တော့…..
ကဗျာဆရာဟာ အမှန်တကယ်၊
ဒေါ်ကြည်အေးလိုဘဲ ညကြီးမင်းကြီးထပြီးထိုင်နေမိတယ်….။
သူကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ကြီးတွေလဲ
နတ်ပြည်ရောက်နေတာတောင် “စစ်” ကို စိတ်ဝင်စားကြတုံးဆိုတာ
အိပ်မက်အရ သိလိုက်ရလို့ သူပြုံးလိုက်မိတယ်…။
ဝင်စတန်ချာချီ Winston Churchill ပြောခဲ့ဘူးတဲ့..
“ To jaw-jaw is always better than to war-war.” ဆိုတာ သတိရပြီး
ချာချီကြီးလဲ နောက်ဆုံး jaw-jaw မရလို့ war-war လုပ်ခဲ့ရတာပါဘဲလို့
တကိုယ်တည်း တိုးတိုးပြောလိုက်မိတယ်။
နောက် “မလွှဲသာ မရှောင်သာ ဒို့စစ်တိုက်ကြ ရတော့ မယ်….၊
မလွှဲသာ မရှောင်သာ ဒို့စစ်တိုက်ကြ ရတော့ မယ်….၊”
ဒါကြောင့် “ကဘော်ချိုင့်ဝှမ်းကို မင်းတို့ပြန်ယူ၊
နီကိုဗာကျွန်းတွေ ငါတို့ကိုပြန်ပေး ” လို့
သူအားရပါးရ အော်ပြောလိုက်မိတယ်……။ ။

(ကဘော်ချိုင့်ဝှမ်းကိုပြန်ယူချင်နေကြသော အိန္ဒိယနိုင်ငံအရှေ့မြောက်မိတ်ဆွေများအား
အမှတ်တရ…….၊ သို့မဟုတ်……..။)

လန်ထောင်စပ်စုလေး( ၁၅-၄-၂၀၁၀)

No comments:

Post a Comment