Wednesday, May 5, 2010

နာဂစ်အလွန် ၂၀၁၀- ဦးကြည်မောင်၏ သရက်သီးများ

နာဂစ်အလွန် ၂၀၁၀- ဦးကြည်မောင်၏ သရက်သီးများဟစ်တိုင်-ရှုထောင့်သစ်

လန်ထောင်စပ်စုလေး

+ လွန်ခဲ့တဲ့ ၁၉-နှစ်၊ ၁၉၉၁ လောက်က
အန်ကယ်ကြီးဦးကြည်မောင်က အင်းစိန်ထောင် အထူးတိုက်မှာ..၊
စပ်စုတို့က ၄-ဆောင်မှာ……။
အထူးတိုက်နဲ့ ၄-ဆောင်နဲ့က ၁၅-ပေမြင့်တဲ့ အုတ်တံတိုင်းကြီးဘဲ ခြားတယ်….။

စပ်စုက ထောင်ထဲမှာ strike တခုကြောင့် ညစာမစားဘူး။
ဒါကြောင့် ၄-ဆောင်မှာ ညနေစာကျွေးရင်
ညနေစာ စားသောက်နေသူတွေနဲ့ဝေးရာ အိမ်သာတွေနားက စိုက်ခင်းအစပ်မှာ
လမ်းလျှောက်မေတ္တာပို့နေလေ့ရှိတယ်……။
ဒီလိုနဲ့ တညနေမှာတော့…..
တဖက်အထူးတိုက်ကနေ အုတ်တံတိုင်းကိုကျော်ပြီး
သရက်သီးတလုံးပစ်လိုက်တာ စပ်စုခြေထောက်နားကိုလာကျတယ်…..။
ဒါကိုကောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေ
စုပေါင်းထမင်းစားနေတဲ့ဝိုင်းကို သွားပေးလိုက်တယ်…..။
ဒီထမင်းဝိုင်းကို အခု US Campaign for Burma ကိုဦးဆောင်နေတဲ့
ကိုအောင်ဒင်(ချစ်ကိုကို) ကဦးဆောင်တယ်……။
သူတို့ထဲက ကိုချစ်တီး(အမည်ရင်းမမှတ်မိတော့)တို့က
“ကိုဖြူဝင်း နောက်လဲ ရလာရင် လာပေးနော်….
ဒါ အန်ကယ်ကြီးဦးကြည်မောင် ဟိုဘက်ကနေ ပစ်ပေးလိုက်တာ…..”လို့
ဝမ်းသာအားရပြောကြတယ်…..။
အဲ့ဒီ….သရက်သီးတလုံးကို အယောက် ၂၀-လောက်ရှိတဲ့
သူတို့အုပ်စု ပျော်ပျော်ပါးပါး ဝေမျှစားလိုက်ကြတယ်…။
ကိုဇော်ရဲတို့၊ မြအေး ဂျင်မီတို့၊ ကိုအောင်ပွင့်တို့၊
အံ့ဘွယ်ကျော်တို့ ပါတယ်ထင်တာဘဲ…..။
နောက်ညနေတွေမှာလဲ..၊ ထောင်ထဲမှာ ရတောင့်ရခဲ
“မချစ်စု” သရက်သီးတလုံး တလုံး နံရံကိုကျော်ပြီး စပ်စုနားကျလာ…၊
စပ်စုက “ဂေါ်နိုက်= ၅-ည” တွေကိုသွားပေးနဲ့
ဒီသရက်သီးတွေကို
“အန်ကယ်ဦးကြည်မောင်ရဲ့သရက်သီးများ”လို့ ခေါ်ခဲ့ကြတယ်….။
နောက်ဆုံး ရာဇ၀တ်အကျဉ်းသားတွေက မနာလို၊
ထောင်ဝန်ထမ်းတွေက မသင်္ကာဖြစ်ပြီး
အဲ့ဒီနားမသွားဘို့ စပ်စုကိုတားမြစ်လိုက်ကြတယ်….။
တိုက်တိုက်ဆိုင်ဆိုင် အန်ကယ်ဦးကြည်မောင်ရဲ့သရက်သီးတွေလဲ
အဲ့ဒီညနေကစပြီး ၄-ဆောင်ဘက်ကိုကျမလာတော့ဘူး…။
အဲ့ဒီသရက်သီးတွေကို စပ်စုကိုယ်တိုင် မစားခဲ့ရပေမဲ့
ဘယ်လောက် အရသာရှိမယ်ဆိုတာ သရက်သီးမြင်တိုင်း၊
သရက်သီးစားရတိုင်း မကြာခဏ သတိရတတ်တယ်….။
မြန်မာ့အသံကို လောင်ချာနဲ့ပစ်ခဲ့ကြတဲ့ KNU က
တွတ်ကီတို့ ရစ်ချက်တို့ ဝေငှလိုက်တဲ့
မြေပဲတစေ့ကို အင်းစိန်ထောင် ရေတိုက်ထဲမှာ
ကလေးလေးတွေလို မကုန်အောင် နည်းနည်းချင်း
အချိန်ဆွဲ ဖဲ့စားခဲ့ဘူးတာ မြေပဲစေ့မြင်တိုင်း သတိရသလိုပေါ့….။
ဒါ…လွန်ခဲ့တဲ့ ၁၉-နှစ်၊ ၁၉၉၁-ခုနှစ်လောက်က
အင်းစိန်ထောင်က အန်ကယ်ဦးကြည်မောင်ရဲ့သရက်သီးများ………။

+ လွန်ခဲ့တဲ့ ၃၄-နှစ်၊ ၁၉၇၆-မေလဆန်း။
ဧရာဝတီတိုင်း မအူပင်ခရိုင် မလက်တိုရွာတဖက်ကမ်း ခနောင်ထော်ရွာမှာ
စပ်စုတို့သရက်ခြံကြီးတခြံထဲရောက်နေကြတယ်…..။
မုန်တိုင်အလတ်စားတခုတိုက်ပြီးစမှာပေါ့…။
ဒါကိုစပ်စုက အောက်ပါအတိုင်း ကဗျာတပုဒ်စပ်ထားခဲ့ဘူးတယ်။
“……ပိတောက်ပွင့်တွေ၊ ၀ါဝါရွှေရွှေ၊ မဝေမပွင့်၊ မ၀င့်နိုင်မီ၊ အရှေ့ဆီမှ၊
မြည်ကာဟိန်းကာ၊ လေမင်းလာပြီး၊ သရက်သီးတွေ၊ သူခြွေသွားလို့၊
ငါတို့အများ၊ ခြင်းကြားကိုယ်ဆီ၊ ညီညီညာညာ၊ မိုးရွာထဲမှာ၊ ကောက်ကာစုကာ၊
သယ်ကာထမ်းကာ၊ စုပုံကာနှင့်၊ လေဒဏ်သင့်၍၊ ဆွေးမြေ့ကျကျိုး၊ သစ်ကိုင်းကျိုးကို၊
ကြိုးနှင့်ဆွဲကြ၊ ရွှေ့ပြောင်းကြနှင့်၊ လာကြ၀ိုင်းကြ၊ ကူကြတာတွေ၊ …………….။”
အဲ့ဒီတုံးက မုန်တိုင်းကို ဧရာဝတီတိုင်းသားတွေ
ပျော်ပျော်ပါးပါးဘဲ ၀ိုင်းဝန်းရင်ဆိုင်နိုင်ခဲ့ကြတယ်…။
အသေအပျောက် အပျက်အစီးတွေရှိခဲ့ပေမဲ့
မြန်မာပြည်သားတွေပီသစွာ အပြုံးမပျက် တည်တည်ကြည်ကြည်
ကျော်လွှားနိုင်ခဲ့ကြတယ်…..။
အဲ့ဒီတုံးက မဆလ စစ်တပ်ဟာ
မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီခဲ့တယ်…။
အဲ့ဒီနှစ်က သရက်သီးတွေ ရှားခဲ့ပေမဲ့
သရက်ပျဉ်တွေ သရက်သီးကုလားတည်တွေ
ပေါပေါလောလော စားခဲ့ကြရတယ်….။
ဒါ…လွန်ခဲ့တဲ့ ၃၄-နှစ်၊
၁၉၇၆-ခုနှစ်က မုန်တိုင်းနဲ့သရက်သီးများ….။

+ ၂၀၀၈ ခုနှစ် မေလမတိုင်ခင်၊
မြန်မာပြည်မှာ နာဂစ်မုန်တိုင်းမတိုက်ခင်နေ့ရက်များ…..၊
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့……၊
INA ဈေးမှာ….၊ ညဈေးတွေမှာ၊ နေရာတော်တော်များများမှာ….၊
သရက်သီးတွေ၊ အရွယ်စုံဆိုဒ်စုံ၊ အမျိုးအစားစုံ၊
အရောင်အသွေးစုံစုံလင်လင်နဲ့ ဈေးတော့အကြီးသား….၊
စပ်စုတို့ပြည်ပရောက်တွေ မကြာခဏ ၀ယ်စားခဲ့ကြတယ်……၊
ဒီ..ဒေလီက သရက်သီးတွေ စားရတိုင်း မြန်မာပြည်ကို သတိရ……၊
စပ်စုက ၁၉၇၆ က မုန်တိုင်းနဲ့ သရက်သီးတွေကိုသတိရ၊
အန်ကယ်ဦးကြည်မောင်ရဲ့သရက်သီးတွေကိုသတိရ….၊
သရက်သီးဟာသရက်သီးဘဲ
ကိုယ့်တိုင်းပြည်က သရက်သီး မဟုတ်ပေမဲ့
သရက်သီးအမျိုးအစားအလိုက် သူ့အရသာနဲ့သူဘဲ…၊
စားလို့ကောင်းတယ်…၊ အရသာရှိတယ်……၊
အရသာကိုခံစားနှိုင်းယှဉ်လို့ရတယ်…….၊
ဒါ….၊ နာဂစ်မုန်တိုင်းမတိုက်ခင်က ဒေလီမြို့က သရက်သီးများ။

+ ၂၀၀၈-ခုနှစ် မေ ဇွန် ဇူလိုင်……..၊
မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်ပြီး နေ့ရက်များ…….၊
ဒေလီမှာ….သရက်သီးတွေပေါတုံးဘဲ……၊
စပ်စုတော့ ၀ယ်မစားမိတော့ဘူး၊ ၀ယ်မစားရက်တော့ဘူး…..၊
သရက်သီးတွေကို တွေ့ကိုမတွေ့ချင်တော့ဘူး……၊
နာဂစ်ဟာ ဧရာဝတီတိုင်းကသရက်သီးတွေရော….သရက်ပင်တွေရော….
လူတွေကိုရော…..၊ စိတ်ဓါတ်တွေကိုရော…..အားလုံးခြွေယူသွားပြီလား….????၊
ကိုယ်စိုက်ခဲ့တဲ့ သရက်ပင်တွေက သရက်သီးတွေကိုရော…
ကိုယ်တိုင် စားမှစားကြရသေးရဲ့လား…..????၊
မိသားစု မစုံမလင် စားရတဲ့သရက်သီးဟာ
ဘယ်လိုအရသာရှိနိုင်မှာလဲ…..????၊
စားရပြန်ရင်လဲ….စားသာစားရ အရသာမဲ့ အရသာပြည့်လိမ့်မယ် မထင်ဘူး….။

+ အန်ကယ်ကြီးဦးကြည်မောင်ရေ…..၊
အခု ၂၀၁၀ သာရောက်လာတယ်…. ၂၀၀၈ က အတိုင်းပါဘဲ….၊
ဘာမှ ထူးထူးထွေထွေ တိုးတက်လာတာမရှိပါဘူး…..၊
နအဖ က ပြည်သူတွေကို သရက်သီးတလုံးတောင် မကျွေးချင်ဘူး…၊
၂၀၀၈ တုံးက စားစရာသရက်သီးနဲ့ အတုအယောင်ဆန္ဒခံယူပွဲ လဲခဲ့သလို…
အခု ၂၀၁၀ မှာလဲ စားစရာသရက်သီးနဲ့
အတုအယောင် ရွေးကောက်ပွဲ လဲကြဦးတော့မယ်….၊
ဒါကြောင့်…….၊
အင်းစိန်ထောင် အထူးတိုက်အုတ်တံတိုင်းကိုကျော်ပြီး
သရက်သီးတွေ စွန့်စွန့်စားစား ပစ်ချပေးခဲ့သလို……၊
အမေရိကန် ဗြိတိန် ပြင်သစ် ဂျာမဏီ ဂျပန် စတဲ့
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လေးစားတန်ဘိုးထား တဲ့ နိုင်ငံတွေ အကူအညီနဲ့
နအဖ ရဲ့ လူစိတ်မဲ့စစ်အာဏာရှင်စံနစ် တံတိုင်းတွေကို ကျော်လွှားပြီး
စားစရာသောက်စရာတွေ…၊ နေစရာခိုစရာတွေ….၊ ၀တ်စရာပြုစရာတွေ…၊
ဆေးတွေဝါးတွေ…၊ ငှက်ဖျားဝမ်းပျက်ဝမ်းလျော…AIDS အသက်ဆက်ဆေးတွေ
အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူတွေ…၊ ဘဲပေါက်ကလေးတွေ..၊
မျိုးစပါးနဲ့ မျိုးစေ့တွေ…စိုက်စရာပျိုးစရာကရိယာတွေ……၊
ဖတ်စာအုပ်တွေနဲ့ ဗလာစာအုပ် စာရေးကရိယာတွေ…၊
BBC RFA DVB VOA ဖမ်းလို့ရတဲ့ လှိုင်းတိုရေဒီယိုတွေ….၊
“လေနတ်သား”… “ခြေးမှုံ” စတဲ့ ဆင်ဆာမဲ့ သတင်းစာတွေ…၊
……………………………………………..၊
……………………………………………..၊
……………………………………………..၊
အယ်…အယ်…မေ့လို့…မေ့မလို့…….၊
သရက်သီးတွေ……၊ အောင်ဒင်အစ မန္တလေးရင်ခွဲအလည်
ပြည်သူတွေအသည်းစွဲ “မချစ်စု”အဆုံး
အားလုံးသောသရက်သီးတွေ…..ဗြဟ္မစိုရ်သရက်သီး..စတာတွေ….၊
ကောင်းကင်ပေါ်က အမြန်ဆုံးပစ်ချပေးပါ…..လို့။
ကောင်းကင်ပေါ်က အမြန်ဆုံးပစ်ချပေးနိုင်အောင်
အန်ကယ်ကြီးဦးကြည်မောင်က စီစဉ်ပေးပါ…..လို့။
မြေအောက် ရေအောက်က ဘွားကနဲ ပေါ်လာအောင်လဲ ကြိုးပမ်းပေးပါ….လို့။
ဒါနဲ့……၁၉၄၈-တုံးက မိဘမဲ့ကလေးတွေ အပါအ၀င်
အစာရေစာ ငတ်ပြတ်…အစစချို့တဲ့ ပြတ်လပ်နေတဲ့…….
ဂျာမဏီပြည် အနောက်ဘာလင်ပြည်သူ ၂-သန်းကျော်အပေါ်
အမေရိကန် အင်္ဂလိပ် ပြင်သစ် တရုပ် စတဲ့ မဟာမိတ်တွေက
လေယာဉ်တွေ လေထီးတွေနဲ့ ရိက္ခာတွေချပေးခဲ့တာ အစဉ်အလာရှိခဲ့ပါတယ်…၊
အဲ့ဒီတုံးက လက်ကိုင်ပုဝါနဲ့လုပ်တဲ့ လေထီးသေးသေးလေးတွေနဲ့တောင်
စားစရာတွေ…၊ လိုအပ်တာတွေ…၊ ချပေးခဲ့ကြဘူးပါ…သတဲ့…အန်ကယ်ကြီးရေ….။

ဒါကြောင့်…..
နအဖကို အသိအမှတ်မပြုသူ တိုင်းပြည်နိုင်ငံ၊ အဖွဲ့အစည်း၊ မိသားစု၊ တဦးတယောက်ချင်းအနေနဲ့….၊ ကိုယ့်သဘောနဲ့ကိုယ် စွန့်စားလိုသူတွေ အနေနဲ့…၊
အများပိုင်လေယာဉ်…၊ ကိုယ်ပိုင်လေယာဉ်…၊ စက်မဲ့လေယာဉ်….၊
အဝေးထိန်းမောင်းသူမဲ့လေယာဉ်…..၊ ကစားစရာ လေယာဉ်….၊
လေသင်္ဘော…၊ မိုးပျံဘူဘောင်း….၊ မီးပုံးပျံ၊
ရေငုပ်သင်္ဘော၊ စက်လှေ၊ speed boat၊ ကစားစရာ သင်္ဘော….၊
အလုံပိတ်ပုလင်း၊……………..စတဲ့ တတ်နိုင်တာတွေနဲ့၊
(အစွန်းရောက်တယ်ဘဲဆိုဆို…ရန်သူကိုအရူးလုပ်ဖို့က အဓိက)
တနိုင်တပိုင် အကြံရသလို အပြင်ကနေ
မြန်မာပြည်သူတွေကို ကူညီကြမယ် ဆိုရင်ဖြင့်…၊
…………………………………………။
ဒါမှမဟုတ်….အလံမလှဲ ဆိုင်းဘုတ်မဖြုတ်
လိမ်မာပါးနပ် ညီညွတ်ရဲဝံ့ ကြိုးနွံဇွဲသန်စွာ
တနိုင်တပိုင် အကြံရသလို အတွင်းကနေ
မြန်မာပြည်သူတွေကို ကူညီကြမယ် ဆိုရင်ဖြင့်…၊
…………………………………………။

+ အန်ကယ်ကြီးရေ….
စပ်စု(လေး)တို့ကတော့ သူ့အဖေ စပ်စု(ကြီး) အတိုင်းဘဲ…..
စပ်စပ်စုစု ဟာသတွေ တယ်လုပ်တာဘဲရယ်လို့…..၊
မအူပင်က သရက်သီးစားပြီး ဟားတိုက်မပစ်လိုက်ပါနဲ့….။
“ငါကမလုပ်နိုင်ရင် စောစောစီးစီး ကိုယ့်ဘာသာကိုယ် နှုတ်ထွက်တတ်တဲ့ကောင်..၊
၉၇-ကတည်းက NLD က ငါ retire လုပ်ခဲ့ပြီးပြီ
အခု ငါ တမလွန်မှာနားနေတာ…မင်းတယ်ရှုတ်တဲ့ကောင်ဘဲ ”ရယ်လို့…
ရီကြဲကြဲနဲ့ နားရင်းလဲ ထ မအုပ်လိုက်ပါနဲ့……။
အန်ကယ်ကြီးရေ…..၊
အခုကိစ္စမှာက NLD “ အလံမလှဲ၊ ဆိုင်းဘုတ်မဖြုတ်၊
နိုင်ငံရေးပါတီအဖြစ်က တပြားသားမှ မလျှော့ဘို့ ”…..။
“ အလံမလှဲ၊ ဆိုင်းဘုတ်မဖြုတ်၊
နိုင်ငံရေးပါတီအဖြစ်က တပြားသားမှ မလျှော့ဘို့ ”…..။
“ အလံမလှဲ၊ ဆိုင်းဘုတ်မဖြုတ်၊
နိုင်ငံရေးပါတီအဖြစ်က တပြားသားမှ မလျှော့ဘို့ ”…..။
………………………………………………….။
အန်ကယ်ကြီး ဦးဝင်းတင်ရဲ့ ကိုင်စွဲစရာလက်နက် ၃-မျိုးက
မကြောက်တရားလက်နက်……၊
သွေးစည်းညီညွတ်ရေးလက်နက်…..၊
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရည်မှန်းချက်တခုတည်းချပြီး
ရှေးရှုရင်ဆိုင် ချီတက်ရေးလက်နက်……၊
……………………………………………………..။

ဒါကြောင့်…..၊
ဗိုလ်အောင်ကျော်နဲ့အတူ လက်နက် ၃-မျိုးကိုင်စွဲ
ကျောင်းသားသမဂ္ဂအလံမလှဲခဲ့သူ……။
စစ်တပ်က အာဏာသိမ်းတာ၊ ကြေးစားဆန်တာ၊ နိုင်ငံရေးမှာဝင်စွက်တာ၊
လက်နက် ၃-မျိုး ကိုင်စွဲ အစဉ်အမြဲဆန့်ကျင်ခဲ့သူ…..။
မမစု(ဒေါ်အောင်ဆန်းစုကြည်)၊ အန်ကယ်ဦးတင်ဦး၊ အန်ကယ်ဦးဝင်းတင်တို့
ကိုယ်စား လက်နက် ၃-မျိုးကိုင်စွဲ၊ ၉၀-ခုနှစ် ရွေးကောက်ပွဲ…၊
NLD အလံကို အမြင့်ဆုံး ဦးဆောင်လွှင့်တင်ပေးခဲ့သူ….။
“မြန်မာပြည်မှာ Nuremberg (နျူရင်းဘတ်ဂ်) လို စစ်ခုံရုံးမျိုး
ဗိုလ်ချုပ်တချို့ကလွဲလို့ မလိုပါဘူး” လို့ရဲရဲဝံ့ဝံ့ဆိုခဲ့သူ….။
အနောက်တောင်တိုင်းကို အထူးအကျွမ်းဝင်၊ နှံ့စပ်ကျွမ်းကျင်..တပ်တွင်းတပ်ပြင်..၊
တပည့်တပမ်း လူချစ်လူခင်ပေါ…စစ်သဘောလဲဆန်းသစ်တတ်သူ….။
ကိုယ့်ကိုယ်ကို Veteran Jailbird တဲ့
ထောင်မကြောက် တန်းမကြောက် လက်နက် ၃-မျိုးမှော်အောင်သူ…။
မြန်မာနိုင်ငံရေးကစားပွဲမှာ အတ္တမကြီး မောဟနည်းစွာ ကိုယ်တိုင်လဲဝင်ပါ..၊
အများပြည်သူကိုလဲ လက်နက် ၃-မျိုးကိုင်စွဲလို့ အစဉ်အမြဲ ၀င်နွှဲစေချင်ခဲ့သူ….။
နိုင်ငံတကာနဲ့အစဉ်ပြေ နိုင်ငံတကာကကြည်ညိုလေးစား
လက်တွေ့ကျကျ ကူညီမှုများ လိုလားတဲ့သူ……။
…………………………………………………..၊
…………………………………………………..၊
…………………………………………………..၊
ထိုသို့သော……အန်ကယ်ကြီး ဦးကြည်မောင်ကို
ကျွန်တော် ရိုသေမြတ်နိုး လက်စုံမိုး၍
ရိုးသားစွာ အကြံပြု အကူအညီ တောင်းမိပါကြောင်း။ ။

လန်ထောင်စပ်စုလေး(၂၅-၄-၂၀၁၀)

1 comment:

  1. အော် ဘဘ ဦးကြည်မောင် ရဲ့ စေတနာကြီးမားတဲ့ စိတ်ထားကို သိသူ
    ကိုယ်လိုလူပါပဲလား - လန်ထောင်စပ်စု ရဲ့အေ၇းအသားဖတ်ပြီး ဘဘ ကို
    လွမ်းလိုက်တာ ဗျာ ဒီအချိန် ဘဘသာရှိခဲ့ရင်ဖြင့်ပေါ့  --- ဘဘအမှတ်တရတွေ
    များများရေးပေးပါ လို့  တောင်းဆိုပါတယ် ။

    မေအိခင် (လယ်ဝေး)

    ReplyDelete