Sunday, April 25, 2010

ဘုရားသခင်ကတို့ကိုပစ်ထားတာကြာပြီ

ဘုရားသခင်ကတို့ကိုပစ်ထားတာကြာပြီhttp://www.hittai.net/ ရှုထောင့်သစ်

လန်ထောင်စပ်စုလေး

+ “ ဘုရားသခင်က တို့ကိုပစ်ထားတာကြာလှပြီ” လို့
အဖွား ထားထား(Tha Tha) ကပြောလိုက်တော့
ကျောင်းဆရာရဲ့စိတ်တွေ ၁၉၇၄- အလုပ်သမားအရေးအခင်းကနေ
စကားဝိုင်းထဲ ပြန်ရောက်လာတယ်……။
နေရာက ချင်းပြည်နယ် တနေရာ…..၊
အသက် ၈၀-ကျော်အရွယ် အဖွားထားထားရယ်….၊
သူရဘွဲ့ သူရဲကောင်းဘွဲ့တွေအထပ်ထပ်ရဘူးတဲ့ အဖိုး“ဗျန်” ရယ်…၊
ချင်းတပ်မှာ တပ်ကြပ်ကြီးအဆင့်အထိ အမှုထမ်းဘူးတဲ့ အဖိုး “အောင်လျန်” ရယ်…။
အသက် ၅၀-ကျော် ကျောင်းဆရာ ဦးဖြူဖွေး ရယ်…..။
မီးလှုံရင်း ရေနွေးကြမ်း ပူပူလောင်လောင်တွေသောက်ရင်း
စကားဝိုင်းဖွဲ့နေကြတာပါ…။

+ ဟုတ်တယ်…..၊ စစ်ကြီးဖြစ်တုံးက မဟာမိတ်တွေက
ငတ်ပြတ်နေတဲ့ တို့တွေဆီ အစားအစာရိက္ခာတွေ ချပေးခဲ့ကြဘူးတယ်။
တို့ချင်းတွေ ကချင်တွေဆီရော၊ ရှမ်းတွေ ကရင်တွေဆီရော
ဧရာဝတီတိုင်း ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်ဘက်ရော
လေထီးတွေနဲ့ ရိက္ခာတွေချပေးခဲ့ဘူးတယ်….။
ဒါကို တို့တွေက “ဘုရားသခင်ပေးတာ….
ဘုရားသခင်က စေါင့်ရှောက်နေတယ်၊
ဘုရားသခင်က တို့ကိုပစ်မထားဘူး”ဆိုပြီး
ရိက္ခာတွေ ဝေငှ စားသောက်ခဲ့ကြရဘူးတယ်…။
+ အဖိုး အောင်လျန်ရဲ့စကားကို မဟာမိတ်စစ်တပ်နဲ့
မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်အနှံ့ရောက်ဘူးခဲ့တဲ့
အဖိုးဗျန်က ပြုံးပြီးခေါင်းငြိမ့်ထောက်ခံတယ်…။
နောက် “ဟုတ်တယ်…..၊ အဲ့ဒီတုံးက မဟာမိတ်တွေရော….၊
ဂျပန်တွေရော…၊ ကုလားတွေရော…..၊ မန်ချူးကိုးတွေရော…..၊
အင်္ဂလိပ် အမေရိကန် တရုပ်ဖြူ တရုပ်နီ
ဂေါ်ရဂါး… နောက်ဆုံး အာဖရိကတပ် လူမျိုးစုံဘဲ
မြန်မာတပြည်လုံး တိုင်းရင်းသားတွေ အားလုံးနဲ့
လူမျိုးပေါင်းစုံ အစစအရာရာရှားပါးခဲ့ပေမဲ့
အစုလိုက်အပြုံလိုက် ငတ်ကြတာတော့
ငါမကြားမိခဲ့ဘူးဘူး……။
အခုလောက်ဘယ်တုံးကမှ မငတ်ခဲ့ကြဘူးဘူး။
အခုလောက်ဘယ်တုံးကမှ ဒုက္ခမရောက်ခဲ့ကြဘူးဘူး။
အခုလောက်ဘယ်တုံးကမှ ကိုယ်စိတ်ဆင်းရဲ မဖြစ်ခဲ့ကြဘူးဘူး။
အဲ့ဒီတုံးက “မဟာမိတ်တွေက မီးဖိုချောင်နဲ့ စစ်တိုက်ခဲ့ကြတာ”….။
+ “မီးဖိုချောင်နဲ့ စစ်တိုက်ခဲ့ကြတယ် ”
အဲ့ဒါဘာအဓိပ္ပါယ်လဲလို့ အဖွားထားထား ကပြန်မေးတော့
“ ပြည်သူလူထုကို ဆန်ဆီဆား စားနပ်ရိက္ခာတွေ မပြတ်လပ်အောင်
ထောက်ပံ့ပြီး လူမှုရေး ဘာသာရေး စည်းရုံးသိမ်းသွင်း
တန်ပြန်အကူအညီရယူ စစ်တိုက်တာကိုပြောတာ….။
မဟာမိတ်တွေက အိန္ဒိယကို ဂျပန်ဖက်ဆစ်အောက် မရောက်အောင်
ကာကွယ်တာရော…၊ မြန်မာပြည်ကိုပြန်သိမ်းတာရော…..၊
ဒီနည်းကိုသုံးခဲ့တယ်။ တဖက်ကလဲ ဂျပန်တွေက ဒီနည်းကို မသုံးနိုင်အောင်
ဂျပန်ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ခဲ့ကြတယ်…။
+ အဖိုးအောင်လျန်က “ အင်…၊ ဒို့ချင်းပြည်နယ်တ၀ှမ်း ငတ်ပြတ်နေတာ အခု
သိန်းနဲ့ချီရှိနေပြီဆိုတော့…….။
ဧရာဝတီတိုင်းမှာလဲ Nargis တုံးက သန်းနဲ့ချီငတ်ကြရ၊ အခုလဲ ငတ်နေကြတုံးဘဲ၊
ရှမ်းကချင်ကရင်ကယားရခိုင် ငတ်ပြတ်ဒုက္ခရောက်နေသူတွေဟာ
အားလုံး သိန်းသန်းချီတဲ့ အရေအတွက်ချည်းဘဲ….။
ဝ တွေတောင် ငတ်လာကြလို့ ဘိန်းပြန်စိုက်ကြတော့မယ်” လို့ပြောပြီး ဆေးလိပ်တိုကလေး အိတ်ထဲကထုတ်တယ်….။ ပြီးတော့….
“ဒါဆို တို့ ဘာလုပ်ကြမလဲတဲ့ ????????” လို့တိုးတိုးပြန်မေးတယ်။
+ “ငါတော့ ဘုရားသခင်ကို ဆုတောင်းမှာဘဲ” လို့
အဖွားထားထားက ချက်ချဉ်းပြန်ဖြေတယ်…။
ပြီးတော့ မတ်တပ်ရပ် လက်နှစ်ဖက်ကိုမြှောက်ပြီး
“ ဘုရားသခင်ရေ…..တို့ကိုပစ်ထားတာကြာလှပြီ၊
လေယာဉ်ပျံတွေနဲ့ စားစရာတွေ အမြန်ချပေးပါ….။
မြန်မာတပြည်လုံးငတ်နေတဲ့သူတွေဆီ
စားစရာ သောက်စရာတွေ အမြန်ချပေးပါ။
ဘုရားသခင် တို့ကိုပြန်စေါင့်ရှောက်ပါ…..၊
တို့ကိုပစ်မထားပါနဲ့ ” လို့ မိုးပေါ်ကိုကြည့်ပြီး
ကျယ်ကျယ်လောင်လောင်ဆုတောင်းလိုက်တယ်…။
+ အဖိုး အောင်လျန်နဲ့ အဖိုးဗျန် တို့ ပြုံးနေတာတွေ့တော့
ကျောင်းဆရာလဲ ခေါင်းငြိမ့်ပြီး ပြန်ပြုံးပြလိုက်တယ်….။
အဖိုးဗျန်က ကျောင်းဆရာကို ခဏခဏပြန်ပြောပြဘူးတဲ့
ဝင်းဂိတ်(Wingate) တို့၊ စလင်း (Slim) တို့ရော
ချင်းဒရစ် (Chindrit) တွေ၊ Burma Star တွေရော….
မောင့်ဘက်တန် ( MountBatten) တို့ရော….
ကျောင်းဆရာခေါင်းထဲ အစီအရီပေါ်လာတယ်။
“ ၀င်းဂိတ်တို့၊ စလင်းတို့၊ ချင်းဒရစ်တွေ၊ ဘားမားစတားတွေ၊
မောင့်ဘက်တန်မျိုးဆက်တွေ၊ သူတို့ရဲ့မျိုးဆက်သစ်တွေ
လေယာဉ်တွေနဲ့ စားနပ်ရိက္ခာတွေ သက်စွန့်ကြိုးပမ်း
လာချပေးရင် အရမ်းကောင်းမှာဘဲနော် ”လို့
အဖိုးဗျန်ကိုကြည့်ပြီးပြောလိုက်တော့
သူတို့ ၃-ယောက်လုံးက ကျောင်းဆရာကိုကြည့်ပြီး
ပြိုင်တူပြောလိုက်ကြတယ်……။
“ ဟာသိပ်ကောင်းတာပေါ့….၊
အဲ့ဒီလိုဆို ဘုရားသခင်က တို့ကိုပစ်မထားဘူး
အမြဲစေါင့်ရှောက်တယ်လို့ တို့လိုသေခါနီး အဖိုးကြီး အဖွားကြီးတွေ
ဘုရာသခင်အပေါ်ယုံကြည်မှုတိုးပြီး
အသေဖြောင့်မှာပေါ့…….။
နောက်မျိုးဆက်သစ်တွေအတွက်လဲ
ဘုရားသခင်အပေါ်ယုံကြည်မှုတိုးလာမှာ ပေါ့ ”တဲ့။
လန်ထောင်စပ်စုလေး(၁၅-၄-၂၀၁၀)

No comments:

Post a Comment